CNI International News

ဝါရှင်တန်၊ စက်တင်ဘာ ၆

အမေရိကန်သမ္မတ အိမ်ဖြူတော်သည် လာမည့်ရက်ပိုင်းအတွင်း ဂါဇာတွင် အပစ်အခတ်ရပ်စဲရန်နှင့် ဟားမာ့စ်တို့ ဖမ်းဆီးထားသည့် ဓားစာခံများ ပြန်လည်လွတ်မြောက်ရန်အတွက် အဆိုပြုချက် အသစ်တစ်ခုကို တင်ပြရန် ကြိုးပမ်းနေကြောင်း ရိုက်တာမှ ဖော်ပြခဲ့သည်။

ထိုအဆိုပြုချက် အသစ်သည် အမေရိကန်၊ ကာတာနှင့် အီဂျစ်တို့က ကြားဝင်စေ့စပ်ပေးနေသည့် အစ္စရေး-ဟားမာ့စ် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်တွင် သဘောထားချင်း ကွဲလွဲစေသော အချက်များကို ပြင်ဆင်ရေးဆွဲရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း အမေရိကန်အရာရှိ ၂ ဦး၊ အီဂျစ်လုံခြုံရေး သတင်းရင်းမြစ် ၂ ခု၊ ထိုအကြောင်းအရာနှင့် နီးစပ်သည့် အရာရှိတစ်ဦးတို့က ရိုက်တာကို ပြောကြားခဲ့သည်။

ထိုအဆိုပြုချက်တွင် ပါဝင်သည့် အချက်အများစုကို သဘောတူညီမှု ရရှိခဲ့ပြီဖြစ်သော်လည်း သဘောတူညီချက် မရစေရန် ဟန့်တားနေသည့် အဓိက အချက် ၂ ချက် ကျန်ရှိနေသေးကြောင်း အမေရိကန်အစိုးရအရာရှိတစ်ဦးက သတင်းထောက်များကို ပြောကြားခဲ့သည်။

ထိုအချက် ၂ ချက်မှာ အီဂျစ်နှင့် ဂါဇာတောင်ပိုင်းတွင် ကြားခံနယ်မြေတစ်ခု ထူထောင်ပေးရန် တောင်းဆိုထားသည့် အစ္စရေး၏ တောင်းဆိုချက်ဖြစ်သည်။

ထို့နောက် ဒုတိယအချက်မှာ အကျဉ်းသား လဲလှယ်မှုတွင် အစ္စရေးဘက်က ဖမ်းဆီးထားသော ပါလက်စတိုင်း အကျဉ်းသားများထဲမှ သတ်မှတ်ထားသည့် အကျဉ်းသားများကိုသာ ပြန်လွှတ်ပေးမည်ဆိုသည့် အစ္စရေး၏ တောင်းဆိုချက်ဖြစ်သည်။

လက်ရှိ ရေးဆွဲနေသည့် အဆိုပြုချက်အသစ်ကို လာမည့်သီတင်းပတ် သို့မဟုတ် မကြာမီ အချိန်အတွင်း အပြီးသတ် ရေးဆွဲတင်ပြဖွယ်ရှိသည်ဟု အမည်မဖော်လိုသော အမေရိကန်အရာရှိတစ်ဦးက ပြောကြားခဲ့သည်။

 ဂါဇာဒေသကို တွေ့ရစဉ်

ဟားမာ့စ်အဖွဲ့သည် ပြီးခဲ့သည့် ရက်ပိုင်းက ၎င်းတို့ ဖမ်းဆီးထားသည့် ဓားစာခံ ၆ ဦးအား သတ်ဖြတ်ခဲ့သော  ဖြစ်စဉ် သည် အပစ်အခတ်ရပ်စဲရေး အားထုတ်ကြိုးပမ်းမှုများကို ရှုပ်ထွေးသွားစေခဲ့သည်ဟုလည်း အမေရိကန်အရာရှိ တစ်ဦးက ပြောကြားခဲ့သည်။

အမေရိကန် စေ့စပ်ညှိနှိုင်းရေးအဖွဲ့ကို ဦးဆောင်သည့် စီအိုင်အေ ညွှန်ကြားရေးမှူး ဝီလျံဘန်းစ် (William Burns) သည် အခြားအမေရိကန်အရာရှိများနှင့် ဂါဇာအပစ်ရပ်ရေး အဆိုပြုချက်အသစ်ကို ရေးဆွဲနေသည်ဟုလည်း သိရသည်။

ပြီးခဲ့သည့်လက အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကင် (Antony Blinken) သည် ဂါဇာ အပစ်အခတ်ရပ်စဲရေးအတွက် အရှေ့အလယ်ပိုင်းသို့ နောက်ဆုံးအကြိမ် သွားရောက်ခဲ့သော်လည်း တိုးတက်မှု တစ်စုံတစ်ရာ ရရှိခဲ့ခြင်းမရှိပေ။

အမေရိကန်သည် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို အကောင်အထည်ဖော်ရန်အတွက် ယခင်ကထက် ပိုပြီး တိုင်ပင်ဆွေးနွေးမှု ပုံစံဆန်သည့် ချဉ်းကပ်မှုဖြင့် ပြောင်းလဲလုပ်ဆောင်နေသည်ဟုလည်း အီဂျစ် သတင်းရင်း မြစ်များက ပြောကြားခဲ့သည်။

Source: ရိုက်တာ