CNI International News
ပြုံယမ်း၊ ဧပြီ ၁၀
မြောက်ကိုရီးယားသည် ယခုသီတင်းပတ်အတွင်း ပဲ့ထိန်းဒုံးကျည်တွင် တပ်ဆင်သည့် ကလပ်စတာဗုံး ထိပ်ဖူး အသစ် တစ်ခုနှင့် လျှပ်စစ်သံလိုက် လက်နက် (Electromagnetic weapon) တစ်ခုကို စမ်းသပ်ခဲ့ကြောင်း ရိုက်တာမှ ဖော်ပြခဲ့သည်။
ထို့ပြင် နိုင်ငံ၏ ကာကွယ်ရေးသိပ္ပံ အကယ်ဒမီနှင့် ဒုံးကျည် စီမံခန့်ခွဲရေးဌာနတို့သည် ကာဗွန်ဖိုက်ဘာ ဗုံးများနှင့် လေကြောင်းရန် ကာကွယ်ရေး ဒုံးကျည်စနစ်များကိုလည်း စမ်းသပ်ခဲ့ကြကြောင်း မြောက်ကိုရီးယားနိုင်ငံပိုင် KCNA သတင်းအေဂျင်စီက ဧပြီ ၉ ရက်တွင် ထုတ်ပြန်ခဲ့သည်။
လျှပ်စစ်သံလိုက် လက်နက်စနစ်နှင့် ကာဗွန်ဖိုက်ဘာ ဗုံးများသည် မြောက်ကိုရီးယား စစ်တပ်အတွက် အထူး အဖိုးတန် ပစ္စည်းများဖြစ်ကြောင်း ထိုလက်နက်စနစ်များ စမ်းသပ်မှုကို ကြီးကြပ်ခဲ့သည့် ဗိုလ်ချုပ် ကင်ဂျုံဆစ် (Kim Jong Sik) က ပြောကြားခဲ့သည်။
တောင်ကိုရီးယား ပူးတွဲစစ်ဦးစီးချုပ်များအဖွဲ့ (JCS) ကလည်း မြောက်ကိုရီးယားသည် ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ဒုံးကျည် အမြောက်အမြားကို စမ်းသပ်ပစ်ခတ်ခဲ့ကြောင်း ဧပြီ ၈ ရက်တွင် ပြောကြားခဲ့သည်။

မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်ဂျုံအန်နဲ့ သမီးဖြစ်သူကိုတွေ့ရစဉ်
နျူကလီးယားလက်နက် ပိုင်ဆိုင်ထားသော မြောက်ကိုရီးယား၏ ယခုစမ်းသပ်မှုများသည် ၎င်းတို့၏ ရန်သူများနှင့် မဟာမိတ်များအတွက် လက်နက်အင်အား ပြသခြင်းဖြစ်နိုင်ကြောင်း လေ့လာသူများက သုံးသပ်ထားသည်။
မြောက်ကိုရီးယားသည် ၎င်း၏ လက်နက်စနစ်များကို ခေတ်သစ်စစ်ပွဲနှင့် ကိုက်ညီသည့် နောက်ဆုံးပေါ် နည်းပညာ များဖြင့် အဆင့်မြှင့်တင် နေပုံရကြောင်း တောင်ကိုရီးယားနိုင်ငံ၊ ကျောင်းနမ် (Kyungnam) တက္ကသိုလ်မှ ပါမောက္ခ လင်အီလ်ချူး (Lim Eul-chul) က ပြောကြားခဲ့သည်။
ထိုအချိန်အတောအတွင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ (Wang Yi) သည် မြောက်ကိုရီးယားသို့ နှစ်ရက်ကြာ ခရီးစဉ်အဖြစ် သွားရောက်ရန် စီစဉ်ထားသည်။
ထို့ပြင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) သည် မေလတွင် သွားရောက်မည့် ၎င်း၏ တရုတ် နိုင်ငံ ခရီးစဉ်အတွင်း မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန် (Kim Jong Un) နှင့် ထိပ်သီး ဆွေးနွေးပွဲတစ်ခု ကျင်းပရန် ကြိုးပမ်းနိုင်ခြေ ရှိသည်ဟုလည်း ခန့်မှန်းချက်များ ထွက်ပေါ်နေသည်။
Source: ရိုက်တာ
