CNI International News

နယူးဒေလီ၊ ဖေဖော်ဝါရီ ၂

လတ်တလော ကာလအတွင်း အီရန်နိုင်ငံတွင် ဖြစ်ပွားခဲ့သည့် ဆန္ဒပြမှုများ၊ ဆူပူအုံကြွမှုများနှင့်အတူ အမေရိကန် ၏ စစ်ရေး ခြိမ်းခြောက်မှုများကြောင့် အိန္ဒိယနိုင်ငံဘက်ခြမ်းရှိ ကက်ရှ်မီးယား (Kashmir) ဒေသ၌ နေထိုင်သည့် ကျောင်းသားများ၏ ပညာရေး အခွင့်အလမ်းများ ဆုံးရှုံးနိုင်ခြေရှိကြောင်း Nikkei Asia မှ ဖော်ပြခဲ့သည်။

ထိုကျောင်းသားများအနက် ကက်ရှ်မီးယားဒေသမှ အသက် ၂၂ နှစ်အရွယ် ဆေးကျောင်းသား အာနက် အစ္စဟက် (Ahnaf Ishaq) လည်း အပါအဝင် ဖြစ်သည်။

သူသည် ၂၀၂၃ ခုနှစ်တွင် အီရန်နိုင်ငံသို့ ဆေးပညာသင်ယူရန် သွားရောက်ခဲ့စဉ်က သူ၏ ရည်မှန်းချက်မှာ ရိုးရှင်း ခဲ့သည်ဟု ဆိုသည်။

ကက်ရှ်မီးယားဒေသ၏ မတည်ငြိမ်မှုများနှင့် ဝေးရာတွင် ယဉ်ကျေးမှုချင်း နီးစပ်ပြီး ကုန်ကျစရိတ် သက်သာသည့် ပညာရေးကို ရယူကာ ခိုင်မာသည့် အနာဂတ်တစ်ခုကို တည်ဆောက်ရန် မျှော်လင့်ခဲ့ကြောင်း အစ္စဟက်က ပြောသည်။

သို့သော် အရှေ့အလယ်ပိုင်းဒေသတွင်း တင်းမာမှုများက ၎င်း၏ ပညာရေးအပေါ် သက်ရောက်လာပြီး ဆေးပညာ ဘွဲ့နှင့် အနာဂတ်ကို မရေမရာ ဖြစ်စေခဲ့သည်ဟု ၎င်းကဆိုသည်။

အိန္ဒိယရှိ ပုဂ္ဂလိကဆေးပညာ ကောလိပ်များထက် အီရန်တွင် ပညာသင်ယူခြင်းသည် ကုန်ကျစရိတ် သက်သာ သည့်အပြင် ကက်ရှ်မီးယားနှင့် အီရန်သည် ဘာသာစကား၊ အစားအသောက်နဲ့ ယဉ်ကျေးမှုအရ အလွန်နီးစပ်မှု ရှိသဖြင့် ကက်ရှ်မီးယားဒေသရှိ ကျောင်းသားများသည် အီရန်တွင် ပညာသင်ကြားရန် ရွေးချယ်ခဲ့ကြခြင်းဖြစ်သည်။

အီရန်နိုင်ငံအတွင်း သွားလာနေသူများကိုတွေ့ရစဉ်

သို့သော် လက်ရှိတွင် အမေရိကန်၊ အစ္စရေးနှင့် အီရန်ကြား စစ်ရေး တင်းမာမှုများကြောင့် အီရန်ရှိ ကက်ရှ်မီးယား ကျောင်းသားများ၏ အသက်အန္တရာယ်ကို ၎င်းတို့၏ မိသားစုများက စိုးရိမ်လာခဲ့ကြသည်။

အကယ်၍ စစ်ပွဲအသွင် ကူးပြောင်းသွားခဲ့မည်ဆိုပါက ကျောင်းများပိတ်ရမည်ဖြစ်သဖြင့် ကက်ရှ်မီးယား ကျောင်းသားများ၏ ပညာရေးသည် ဆုံးခန်းမတိုင်ဘဲ ပညာရေး တစ်ပိုင်းတစ်စနှင့် ကျန်ခဲ့မည် အခြေအနေ ရှိနေသည်။

ထို့ကြောင့် ပဋိပက္ခတစ်ခု၏ ရိုက်ခတ်မှုသည် တိုက်ရိုက် ပတ်သက်မှု မရှိသည့် လူငယ်များ၏ ပညာရေးနှင့် အနာဂတ် အိပ်မက်များအပေါ်တွင်ပါ သက်ရောက်မှု ရှိနေသည့် ဥပမာတစ်ခု ဖြစ်နေသည်ဟု ကျွမ်းကျင်သူများက သုံးသပ်ခဲ့ကြသည်။

Source: Nikkei Asia