CNI International News

နယူးဒေလီ၊ နိုဝင်ဘာ ၂၇

အိန္ဒိယအာဏာပိုင်များသည် ကက်ရှ်မီးယားဒေသအနှံတွင် လုံခြုံရေး စစ်ဆင်ရေးများကို အရှိန်မြှင့် လုပ်ဆောင် နေကြောင်း အေပီမှ ဖော်ပြခဲ့သည်။

ယခုလအတွင်း နယူးဒေလီ (New Delhi) မြို့တော် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီးနောက် လုံခြုံရေးတပ်ဖွဲ့များက ကက်ရှ်မီးယားဒေသ၏ ခရိုင်အများအပြားတွင် ကင်းလှည့်မှုများ တိုးမြှင့်ခြင်း၊ စစ်ဆေးရေးဂိတ်များ တိုးမြှင့် ချထားခြင်းနှင့် သံသယဖြစ်ဖွယ် နေရာများကို ဝင်ရောက် စီးနင်းရှာဖွေခြင်းတို့ လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။

ထို့ကြောင့် ကက်ရှ်မီးယား ဒေသခံများသည် အသွားအလာ ထိန်းချုပ်ကန့်သတ်ရခြင်း၊ အဓိက လမ်းဆုံလမ်းခွ နေရာများတွင် တင်းကျပ်စွာ စစ်ဆေးမေးမြန်း ခံရခြင်းတို့နှင့် ကြုံတွေ့နေရသည်။

နယူးဒေလီမြို့တော်တွင် ဖြစ်ပွားခဲ့သည့် ဗုံးခွဲတိုက်ခိုက်မှုကို မည်သည့်အဖွဲ့ကမှ တာဝန်ခံ ထွက်ဆိုခဲ့ခြင်း မရှိဘဲ အာဏာပိုင်များက စုံစမ်းစစ်ဆေးမှုများ ဆက်လက် လုပ်ဆောင်နေသည်။

လုံခြုံရေးအေဂျင်စီများက ဗုံးခွဲတိုက်ခိုက်မှု နောက်ကွယ်မှ လက်သည်ကို သိရှိရန် အပူတပြင်း လိုက်လံရှာဖွေ နေချိန်တွင် ပြည်သူလူထု အနေဖြင့် သတိဝိရိယဖြင့် နေထိုင်ကြရန် တာဝန်ရှိသူများက တိုက်တွန်းထားသည်။

ခံတပ်နီမှာ ဗုံးပေါက်ကွဲစဉ်

နိုဝင်ဘာ ၁၀ ရက်က နယူးဒေလီမြို့တော်၏ သမိုင်းဝင် Red Fort ခံတပ်တွင် ဖြစ်ပွားခဲ့သည့် ဗုံးပေါက်ကွဲမှုကြောင့် လူ ၁၀ ဦးသေဆုံးပြီး ၃၂ ဦး ဒဏ်ရာရခဲ့ပြီးနောက် အာဏာပိုင်များက ကက်ရှ်မီးယားဒေသတွင် စီးနင်းရှာဖွေမှုများ ပြုလုပ်ခြင်း၊ သံသယရှိသူများကို ထိန်းသိမ်းခြင်း၊ စစ်ဆေးမေးမြန်းခြင်းတို့ ပြုလုပ်နေသည်။

လက်ရှိအချိန်အထိ သံသယဖြစ်ဖွယ် လူပေါင်းရာချီကို ဖမ်းဆီးထိန်းသိမ်းထားသည်။

နိုဝင်ဘာ ၁၄ ရက်ကလည်း စီးနင်းရှာဖွေမှု တစ်ခုအတွင်း သိမ်းဆည်းရမိခဲ့သည့် ဖောက်ခွဲရေး ပစ္စည်းများကို သိမ်းဆည်းထားသည့် ရဲစခန်းတစ်ခုတွင် ပေါက်ကွဲမှု ဖြစ်ပွားခဲ့သဖြင့် လူ ၉ ဦး သေဆုံးခဲ့သည်။

ရဲတပ်ဖွဲ့ အကြီးအကဲ တစ်ဦးဖြစ်သည့် နာလင် ပရာဘက် (Nalin Prabhat) ကမူ ထိုပေါက်ကွဲမှုသည် တိုက်ခိုက် ခံရခြင်း မဟုတ်ဘဲ ဖောက်ခွဲရေးပစ္စည်းများကို သိမ်းဆည်းရာတွင် မတော်တဆဖြစ်ပြီး ပေါက်ကွဲခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

Source: အေပီ