CNI News

၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၂၇

မကြာခင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မွန်ပြည်နယ်မှ ဝင်ရောက်ယှဉ်ပြိုင်ကြမည့် နိုင်ငံရေးပါတီများနှင့် ဆန္ဒမဲပေးမည့် မွန်လူထုများအပေါ် မွန်ပြည်သစ်ပါတီ(NMSP) အနေဖြင့် ဖိအားပေးခြင်း မရှိကြောင်း မွန်ပြည်သစ်ပါတီ(NMSP)၏ ပြောရေးဆိုခွင့်ရှိသူ နိုင်အောင်မငေးက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “ဒါပေမယ့် မွန်လူထုရဲ့ သဘောထားကတော့ ကျနော်တို့လည်း မသိဘူးပေါ့။ သူ့ရဲ့ကိုယ်ပိုင် နိုင်ငံရေး၊ နိုင်ငံသား တစ်ရပ် အနေနဲ့တော့ သူတို့ဟာသူတို့ ဆက်လုပ်ကြမယ်။ ကျနော်တို့အနေနဲ့ ဒီရွေးကောက်ပွဲ အပေါ်မှာ တော့ ဘာမှ စောဒကတက်စရာ၊ ပြောစရာမရှိဘူး။ ကျနော်တို့ ဒေသမှာလည်း သူတို့ မဲရုံဆောက်တာတို့၊ ဘာတို့ အခုထက်ထိတော့ ဘာမှအရိပ်အယောင် မပြဘူးပေါ့။ ကျနော်တို့ကလည်း ဘာမှ pressure မပေးဘူး။ သွားချင်တဲ့ လူသွား၊ နေချင်တဲ့လူနေ၊ လွတ်လွတ်လပ်လပ် ဆုံးဖြတ်ကြပေါ့။ ကျနော်တို့ အနေနဲ့ ဘာမှ ဝင်ရောက်စွက်ဖက်၊ ဝင်ရောက် ပြောဆိုတာတော့ ဘာမှမရှိဘူး” ဟု  ပြောသည်။

မွန်ပြည်သစ်ပါတီ(NMSP)သည် ၁၉၅၈ ခုနှစ်၊ ဇူလိုင် ၂၀ ရက်တွင် စတင်တည်ထောင်ခဲ့ပြီး ပြည်နယ်အဆင့်နှင့် ပြည်ထောင်စုအဆင့် အပစ်အခတ်ရပ်စဲရေး(Bilateral) လက်မှတ်ရေးထိုးမှုအား ၂၀၁၂ ခုနှစ်၊ ဖေဖော်ဝါရီလ ကတည်းက ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ထို့နောက် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA)အား ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီ ၁၃ ရက်တွင် လက်မှတ်ရေးထိုးခဲ့သည်။

၂၀၂၂ ခုနှစ်၊ မေလက မွန်ပြည်သစ်ပါတီ(NMSP) ဒုဥက္ကဋ္ဌ နိုင်အောင်မင်းနှင့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တွေ့ဆုံစဉ်

လက်ရှိ မွန်ပြည်နယ်တွင် ရွေးကောက်ပွဲကို ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ ပြည်သူ့ရှေ့ဆောင်ပါတီ၊ ပြည်သူ့ပါတီ၊ ရှမ်းနှင့်တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (ကျားဖြူပါတီ)၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီ၊ မြန်မာနိုင်ငံ တောင်သူလယ်သမား ဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ မွန်ညီညွတ်ရေးပါတီနဲ့ ပအိုဝ်းအမျိုးသား ဖွံ့ဖြိုး တိုးတက်ရေးပါတီတို့က ဝင်‌ရောက် ယှဉ်ပြိုင်ရန် ရှိနေသည်။

ရွေးကောက်ပွဲသည် နိုင်ငံရေးပါတီ၏ အလုပ်ဖြစ်သောကြောင့် မွန်ပြည်သစ်ပါတီ အနေဖြင့် ဟန့်တားခြင်းမျိုး မရှိကြောင်း မွန်ပြည်နယ်တွင် ဝင်ရောက်ယှဉ်ပြိုင်မည့် မွန်ညီညွတ်ရေးပါတီ(MUP)မှ ပြောရေးဆိုခွင့်ရှိသူ နိုင်သန်းရွှေက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “အဓိက,က ကျန်တဲ့အပိုင်းတော့ ကျနော်တို့ သိပ်မသိဘူး။ အဓိက,ကတော့ NCA ထိုးထားတဲ့ မွန်ပြည်သစ် ပါတီပေါ့။ သူတို့က ရွေးကောက်ပွဲကို မတားဆီးဘူးပေါ့။ ဒါကတော့ နိုင်ငံရေးပါတီရဲ့ အလုပ်တစ်ခုဖြစ်တဲ့ အတွက် ကြောင့် သူတို့ ဘာမှလည်း ဝင်မပြောဘူး။ ဘာမှလည်း ဟန့်တားတာတော့လည်း မရှိဘူး။ ကျန်တဲ့ လက်နက်ကိုင် အဖွဲ့အစည်းကြတော့ မသိဘူးပေါ့နော်။ သူတို့ဘယ်လို သဘောထားတယ်ဆိုတာ၊ နောက် ဘယ်လိုအခင်းအကျင်း ရှိတယ်။ သူတို့အခင်းအကျင်းကို ကျနော်တို့ ဘာမှမသိနိုင်ဘူး” ဟု ပြောသည်။

MSDF ခေါင်းဆောင် ဒေါက်တာသီရိမွန်ချမ်းနှင့် လူထုတွေ့ဆုံနေစဉ်

၂၀၂၁ ခုနှစ် နိုင်ငံရေး အပြောင်းအလဲ ဖြစ်ပြီးနောက် မွန်ပြည်သစ်ပါတီတွင် မွန်ပြည်သစ်ပါတီ-အာဏာရှင် တိုက်ဖျက်ရေး(NMSP-AD) ဟူသည့် အဖွဲ့တစ်ခု ခွဲထွက်သွားသည်။

ထို့နောက် မွန်လက်နက်ကိုင် ၄ ဖွဲ့ လည်း ပေါ်ပေါက်လာခဲ့ပြီး ၎င်းတို့မှာ မွန်ပြည်လွတ်မြောက်ရေး တပ်တော် (MLA)၊ မွန်အမျိုးသား လွတ်မြောက်ရေးတပ်မတော်(MNLA-AD)၊ မွန်ပြည်ကာကွယ်ရေးတပ် (MSDF) နှင့် မွန်ပြည်တော်လှန်ရေးတပ်(MSRF)တို့ဖြစ်ကြသည်။

အဆိုပါ မွန်လက်နက်ကိုင် ၄ ဖွဲ့သည် မွန်တပ်တော်ကို ဖွဲ့စည်း၍ စစ်ရေးလှုပ်ရှားမှုများ ပြုလုပ်ကြသည်။

အလားတူ မွန်ပြည်နယ်တွင် ကရင်အမျိုးသားအစည်းအရုံး(KNU)နှင့် NUG လက်အောက်ခံ PDF များလည်း လှုပ်ရှားလျက်ရှိကြသည်။

မကြာခင် ကျင်းပမည့် ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်သည့် မွန်ကိုယ်စားလှယ်လောင်းများအပြင် ရွေးကောက်ပွဲ အထမြောက်ရန် ပါဝင်သူများကို ဖမ်းဆီးအရေးယူသွားမည်ဟု မွန်ပြည်ဖက်ဒရယ်ကောင်စီ(MSFC) ပြောဆိုထားသည်။

ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင် အရွေးခံခြင်း၊ မိမိအတွက်ဖြစ်စေ အစုအဖွဲ့ တစ်ခုခုအတွက်ဖြစ်စေ ပုဂ္ဂိုလ်တစ်ဦးဦး အတွက်ဖြစ်စေ မဲဆွယ်စည်းရုံးခြင်း၊ မဲဆွယ်စည်းရုံးမှုကို ကူညီပံ့ပိုးခြင်းနှင့် ရွေးကောက်ပွဲ အထ မြောက်ရန် ပါဝင်နေသူများကို ဖမ်းဆီး အရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။