CNI News
၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၂၇
နိုင်ငံရေးပါတီများ မဲဆွယ်စည်းရုံးသည့်အခါ ပြည်သူလူထုအား မလုပ်နိုင်ဘဲနှင့် မဲရရေးတစ်ခုအတွက် အာမခံချက် များ ပေးခြင်းမျိုး မိမိတို့ ပါတီအနေဖြင့် မလုပ်ဆောင်ဘူးဟု ကရင်ပြည်သူ့ပါတီ(KPP)မှဥက္ကဋ္ဌ ဒေါ်နန့်ခင်အေးဦးက CNI သတင်းဌာနသို့ ပြောသည်။
လက်ရှိ မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲ ကျင်းပရန် နီးကပ်လာသည့်အချိန်ဖြစ်၍ နိုင်ငံရေးပါတီများသည် ပြည်သူ လူထု၏ ထောက်ခံမဲများ ရရှိရေးအတွက် မဲဆွယ်စည်းရုံးရေး ကတိကဝတ်များကို အမျိုးမျိုး ပေးနေကြသည်။
မိမိတို့ ပါတီအနေဖြင့် တကယ် မလုပ်နိုင်ဘဲ ပြည်သူလူထုဆီမှ မဲရရှိရေးအတွက် အာမခံချက်ပေးခြင်းမျိုး မလုပ် ဆောင်ဘူးဟု ကရင်ပြည်သူ့ပါတီ(KPP)မှဥက္ကဋ္ဌ ဒေါ်နန့်ခင်အေးဦးက CNI သတင်းဌာနသို့ ပြောသည်။

ကရင်ပြည်သူ့ပါတီ(KPP) မဲဆွယ်စည်းရုံးရေး ဆင်းနေကြစဉ်
၎င်းက “ဆရာမတို့ကတော့ ကြိုပြောထားလို့ မရဘူးလေ၊ ပြီးတော့ ဒီအခုစစ်မှုထမ်းဥပဒေဆိုတာက နိုင်ငံတော်က သက်မှတ်ထားတာ ဗိုလ်ချုပ်တို့ လက်ထက်ထဲက သက်မှတ်ထားတဲ့ ဥပဒေဖြစ်တယ်၊ ဒါပေမယ့် စနစ်တကျဖြစ်ဖို့ တော့ လုပ်ရမယ်၊ ဖြစ်နေတဲ့ကိစ္စတွေက စနစ်တကျ ဖြစ်ဖို့တော့ လုပ်ပေးရမှာပဲ။ ဒါလွှတ်တော်ထဲ ရောက်သွားလို့ရှိ ရင် ဘယ်ပါတီမဆို လုပ်ရမှာပဲ၊ ဒါပေမယ့် လူထုကို ရှေ့မှာပြောပြီးတော့ ကိုယ်တကယ်လုပ်နိုင်ဖို့ လည်းလိုတယ်။ မလုပ်နိုင်ဘဲနဲ့ ကတိတွေပေး မဲရဖို့တစ်ခုထဲ အတွက်နဲ့တော့ ဆရာမတို့ မလုပ်ဘူး၊ ကိုယ်လုပ်နိုင်တဲ့ အခြေအနေ ဘယ်လိုပြောမလဲ ဒီမိုကရေစီခေတ် သုံးခေတ်လောက်ကို ဖြတ်သန်းလာတဲ့အခါမှာ လုပ်နိုင်တဲ့ကိစ္စ တွေရှိတယ်၊ မလုပ်နိုင်တဲ့ ကိစ္စတွေရှိတယ်။ ၅ နှစ်ဆိုတဲ့ အတိုင်းအတာ အတွင်းမှာက ကိုယ်ဘယ်လောက် လုပ်နိုင်မလဲ၊ ဖြစ်လာတဲ့အမတ်တွေရဲ့ capacity ဘယ်လောက်ရှိသလဲ အဲ့အပေါ်မှာ အများကြီး မူတည်တယ်။ လူထုဆီက မဲရ ရင်ပြီးရော ဆိုပြီးတော့မှ ငါတို့ဒါတွေလုပ်ပေးမယ် တချို့ဟာတွေက untouchable တွေပါ အရမ်းပြောလို့မရပါ ဘူး”ဟု ပြောသည်။
နိုင်ငံရေးပါတီများသည် ပြည်သူလူထု ရင်ဆိုင် ကြုံတွေ့နေရသော အခက်အခဲများကို ကာကွယ် ဖြေရှင်းမပေးဘဲ ရွေးကောက်ပွဲကာလ မဲလိုချင်သည့်အခါမှ မဲဆွယ်စည်းရုံးရေး စကားများပြောလာခြင်းအပေါ် လူထုကယုံကြည် မှုမရှိဘဲ ဖြစ်လာကြောင်း နိုင်ငံရေးလေ့လာစောင့်ကြည့်သူများက ထောက်ပြကြသည်။
ပြည်သူလူထုအတွက် အထူး အာမခံချက်များ ပေးနေသည်ကို ကြားနေရကြောင်း၊ မိမိတို့ပါတီသည် သူများလုပ် တိုင်း လိုက်လုပ်သည့် ပါတီမဟုတ်ကြောင်း ကရင်ပြည်သူ့ပါတီ(KPP)မှဥက္ကဋ္ဌ ဒေါ်နန့်ခင်အေးဦးက CNI သတင်း ဌာနသို့ ပြောသည်။

ကရင်ပြည်သူ့ပါတီ(KPP) မဲဆွယ်စည်းရုံးရေး ဆင်းနေကြစဉ်
၎င်းက “တိုင်းပြည်မှာလည်း လိုအပ်တဲ့ အရာတွေရှိတယ်၊ အဲ့တော့ ကိုယ်တို့လုပ်နိုင် သလောက်ကတော့ ကိုယ့် ပြည်သူလူထုအတွက် အကောင်းဆုံးဖြစ်အောင် လုပ်ပေးရမှာပဲ။ အာမခံပြီး လုပ်နေတဲ့ဟာတွေက သူတို့ ဘယ် အတိုင်းအတာအထိ အာမခံနိုင်သလဲ ဆိုတာရှိတယ်။ ဆရာမတို့ကတော့ အဲ့လိုကြီးတော့ လုံးဝ အာမမခံဘူး ဒီကိစ္စတွေက ညှိနှိုင်းပြီးတော့အားလုံး ကိုယ်ဖြစ်လာတဲ့ အမတ်တွေ အားလုံး ညှိနှိုင်းပြီးတော့ အရည်အချင်းရှိတဲ့ အမတ်တွေ ညှိနှိုင်းပြီးတော့ လုပ်ရမယ့်ကိစ္စတွေ ကျမတို့ကတော့ အဲ့ဒီကိစ္စကို ပြောတဲ့အခါမှာတော့ ခုနကလို အာမခံချက် တစ်ခုအနေနဲ့ အဲ့လိုကြီးတော့ အာမမခံဘူး။ ဒါပေမယ့် ပြောသင့် လုပ်သင့် လုပ်ထိုက်တဲ့ဟာတွေ လုပ်ရမှာပဲ အခုတိုင်းပြည်မှာ ဘာတွေဖြစ်နေလဲဆိုတာ လူတိုင်းလည်းသိတာပဲ။ ဖြစ်လာမယ့် အစိုးရက ဒီကိစ္စ တွေကို လုပ်ရမှာပဲ အဲ့တာကိုတော့ အထူးအထူးတွေ အာမခံတယ် လူပိန်းကြိုက်ပြောတာပေါ့။ ရှင်းရှင်းပြောရရင် ခုနကလို့ဟာတွေကတော့ ဆရာမတို့လည်း ကြားမိပါတယ်နော်။ အာမခံချက်တွေ လိုက်ပေးနေတယ်တို့၊ ဘာတို့ ညာတို့ သူများလုပ်တိုင်း လိုက်လုပ်တဲ့ ပါတီတော့ မဟုတ်ဘူး ဆရာမတို့ ပါတီကတော့”ဟု ပြောသည်။
မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲ အပိုင်း (၁) ကို ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်၌ ကျင်းပမည်ဖြစ်ပြီး ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၁၁ ရက်မှာတော့ ရွေးကောက်ပွဲ အပိုင်း (၂) ကို ကျင်းပမည် ဖြစ်သည်။
ထို့နောက် ရွေးကောက်ပွဲ အပိုင်း (၃)အား ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ နောက်ဆုံးပတ်တွင် ကျင်းပသွားမည်ဟု အမျိုး သားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက နိုဝင်ဘာလ (၁၀) ရက်တွင် ထုတ်ပြန် ပြောကြားထားသည်။
