CNI Sport News

၂၀၂၂ ခုနှစ်၊ မေလ ၁၉

ဘာစီလိုနာ အသင်း တိုက်စစ်မှူး အူဘာမီယန်း ဟာ ဂါဘွန်နိုင်ငံ လက်ရွေးစင်အသင်း ကစားသမားဘဝကနေ အနားယူပြီလို့ ကြေညာသွားခဲ့ပါတယ်။

အူဘာမီယန်း ဟာ ဂါဘွန်နိုင်ငံ လက်ရွေးစင်အသင်းအတွက် ပွဲပေါင်း ၇၂ ပွဲ ပါဝင်ကစားခဲ့ပြီး ဂိုး ၃၀ သွင်းယူကာ အသင်းခေါင်း ဆောင်အဖြစ် တာဝန်ယူနေတာပါ။ အခုနှစ် အစပိုင်းက ကျင်းပခဲ့တဲ့ အာဖရိကဖလား ပြိုင်ပွဲမှာ စောစီးစွာ ထွက်ခဲ့ရပြီးနောက် အူဘာမီယန်း ဟာ သူ့ရဲ့ ကလပ်ကစားသမားဘဝကို အာရုံစိုက်ဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။

အူဘာမီယန်းဟာ အာဖရိက ဖလားပြိုင်ပွဲ မတိုင်ခင် ကိုဗစ် ကူးစက်ခံနေတာကြောင့် ပြိုင်ပွဲ မကစားခဲ့ရဘဲ အိမ်ပြန် စေလွှတ်ခံခဲ့ရတာပါ။

အူဘာမီယန်း က ၁၃ နှစ်ကြာ ဂါဘွန်နိုင်ငံအတွက် ကိုယ်စားပြုခွင့်ရတဲ့အတွက် ဂုဏ်ယူမိကြောင်းနဲ့ နိုင်ငံလက်ရွေးစင် ကစားသမားဘဝကို အဆုံးသတ်တော့ မယ်ဆိုတာကို ပရိသတ်တွေထံ အိတ်ဖွင့်စာ ရေးသားခဲ့တာ ဖြစ်ပါတယ်။

အူဘာမီယန်း က “ ကောင်းတဲ့ အချိန်ရော ဆိုးတဲ့ အချိန်မှာပါ ကျနော့်ကို ထောက်ခံ အားပေးခဲ့ကြတဲ့ ဂါဘွန်ပြည်သူတွေ အားလုံးကို ကျေးဇူးတင်ချင်ပါတယ်။ ဂါဘွန်အတွက် စတင်ပွဲထွက်ခွင့်ရတဲ့နေ့နဲ့ အာဖရိက ဘောလွန်းဒီအော ရယူပြီး နိုက်ဂျီးရီးယားကနေ ပြန်လာတဲ့ နေ့လိုမျိုး အမှတ်တရ ကောင်းတွေ အများကြီးကို သိမ်းထားပါမယ်။ လူတွေ အားလုံးနဲ့ မျှဝေခဲ့တာက မမေ့နိုင်တဲ့ အခိုက်အတန့်ပါပဲ။ ကျနော့်ရဲ့ လက်ရွေးစင် ကစားသမားဘဝမှာ တွေ့ကြုံခဲ့ရတဲ့ နည်းပြတွေ၊ ဝန်ထမ်းတွေနဲ့ ကစားသမားတွေ အားလုံးကို ကျေးဇူး တင်ပါတယ်။ နောက်ဆုံးမှာ ကျနော့်ကို ဒီအရောင်တွေဝတ်ပြီး သူ့ရဲ့ ဆန္ဒနဲ့ တူစေခဲ့တဲ့ အဖေ ဂုဏ်ယူဖို့ မျှော်လင့်ကြောင်း ” ပြောခဲ့ပါတယ်။

ဘာစီလိုနာမှာ ကစားနေတဲ့ အူဘာမီယန်း (TSN)

အူဘာမီယန်း ဟာ ဂါဘွန်လက်ရွေးစင် အသင်းနဲ့အတူ အောင်မြင်မှုအဖြစ် ၂၀၁၈ က ဘုရင့်ဖလား ပြိုင်ပွဲမှာ တတိယနေရာသာ ရယူနိုင်ခဲ့တာပါ။ အူဘာမီယန်းဟာ ၂၀၁၅ က အာဖရိက တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆုကိုလည်း ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ အသက် (၃၂) နှစ်အရွယ်ရှိ ကစားသမားဟာ ပြီးခဲ့တဲ့ ဇန်နဝါရီ အပြောင်းအရွှေ့က အာဆင်နယ်အသင်း ကနေ ထွက်ပြီး ဘာစီလိုနာအသင်းကို ပြောင်းရွှေ့လာခဲ့တာပါ။

အူဘာမီယန်းဟာ ဘာစီလိုနာ အသင်းအတွက် လာလီဂါ သွင်းဂိုး ၁၆ ဂိုး အပါအဝင် ပြိုင်ပွဲစုံ ၂၂ ပွဲ ကစားထားပြီး ၁၃ ဂိုး သွင်းယူထားတာ ဖြစ်ပါတယ်။

Source: Goal