CNI Sport News

၂၀၂၄ ခုနှစ်၊ ဧပြီ ၂၇

ဘရာဇီးလ်ဂန္ထဝင် အမျိုးသမီးကစားသမား မာတာဟာ ဒီနှစ်ထဲမှာ နိုင်ငံတကာ ဘောလုံးလောကကနေ အနားယူ မယ်လို့ ပဲရစ်အိုလံပစ်ပြိုင်ပွဲမတိုင်ခင် ပြောခဲ့ပါတယ်။

မာတာက “အိုလံပစ်ပြိုင်ပွဲကို သွားရမယ်ဆိုရင် ကျမ အချိန်တိုင်းကို ပျော်ရွှင်နေမှာပါ။ အိုလံပစ်ပြိုင်ပွဲကို သွားရသည်ဖြစ်စေ၊ မသွားရသည်ဖြစ်စေ ဒီနှစ်ဟာ နိုင်ငံအသင်းနဲ့ ကျမရဲ့ နောက်ဆုံးနှစ်ပါ။ မာတာဟာ ၂၀၂၅ ခုနှစ်မှာ အားကစားသမားအဖြစ် နိုင်ငံအသင်းမှာ မရှိတော့ဘူး”လို့ CNN နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ပြောခဲ့ပါ တယ်။

အသက် ၃၈ နှစ်အရွယ်ရှိ မာတာဟာ ဘရာဇီးလ်အသင်းအတွက် ၁၇၅ ပွဲ ပါဝင်ကစားထားပြီး ၁၁၆ ဂိုး သွင်းယူကာ ဂိုးသွင်း အများဆုံး ကစားသမားအဖြစ် ရပ်တည်နေတာပါ။ 

မာတာဟာ နွေရာသီမှာ ကျင်းပမယ့် အိုလံပစ်ပြိုင်ပွဲဝင် ဘရာဇီးလ်အသင်း လူစာရင်းမှာ ရွေးချယ်ခံရမယ်ဆိုရင် အိုလံပစ်ပြိုင်ပွဲမှာ ၆ ကြိမ်မြောက်အဖြစ် ယှဉ်ပြိုင်ခွင့်ရရှိမှာ ဖြစ်ပါတယ်။ 

မာတာဟာ ၂၀၀၄ အေသင်အိုလံပစ်နဲ့ ၂၀၀၈ ဘေဂျင်းအိုလံပစ်ပြိုင်ပွဲမှာ ဘရာဇီးလ်အသင်းနဲ့အတူ ငွေတံဆိပ် ရယူနိုင်ခဲ့တာပါ။

 မာတာကို တွေ့ရစဉ်

မာတာဟာ ပြီးခဲ့တဲ့ အမျိုးသမီး ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဘရာဇီးလ်အသင်း အုပ်စုအဆင့်ကနေ ထွက်ခဲ့ရပြီးနောက် သူမအတွက် ကမ္ဘာ့ဖလားပြိုင်ပွဲ မရှိတော့ဘူးလို့ ပြောခဲ့ပါတယ်။

မာတာဟာ ဘရာဇီးလ်အသင်းနဲ့ ၂၀၀၇ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဗိုလ်လုပွဲ တက်နိုင်ခဲ့တာက သူမအတွက် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အမြင့်ဆုံး အောင်မြင်မှု ဖြစ်ခဲ့တာပါ။

မာတာဟာ ဖီဖာရဲ့ တစ်နှစ်တာ အကောင်းဆုံး အမျိုးသမီး ကစားသမားဆုကို ၆ ကြိမ်အထိ ရယူထားနိုင်ခဲ့တာ ဖြစ်ပါတယ်။

မာတာဟာ လက်ရှိအချိန်မှာ ၂၀၁၇ ကတည်းက ကစားနေတဲ့ အော်လန်ဒိုပရိုက် အသင်းမှာ ကစားနေပြီး ဒီရာသီ ၄ ပွဲ ကစားထားတာမှာ ၂ ဂိုး သွင်းယူထားတာပါ။

အော်လန်ဒိုပရိုက်အသင်းဟာ NWSL လိဂ်ပြိုင်ပွဲမှာ ဒီရာသီ ၆ ပွဲ ကစားထားအပြီး ရမှတ် ၁၂ မှတ်နဲ့ အဆင့် ၃ နေရာမှာ ရပ်တည်နေတာ ဖြစ်ပါတယ်။

Source: CNA