CNI News
၂၀၂၄ ခုနှစ်၊ ဩဂုတ် ၂၀
လက်ရှိ လက်နက်ကိုင် ပဋိပက္ခများကို လျှော့ချနိုင်ရေး ယခင်က ငြိမ်းချမ်းရေး လမ်းကြောင်းအတိုင်း လုပ်ဆောင် သင့်ကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) ၏ ဒူပလာယာခရိုင် ဥက္ကဋ္ဌဟောင်း ပဒိုစောရွှေမောင်းက CNI သတင်းဌာနသို့ ပြောသည်။
နိုင်ငံရေးပြဿနာများကို လက်နက်ကိုင်နည်းလမ်းဖြင့် ဖြေရှင်းမှုမှာ ဆုံးရှုံးနစ်နာမှုများကြောင်း၊ ခေါင်းဆောင်များ သဘောတူခဲ့သည့် လမ်းစဉ်အတိုင်း လုပ်ဆောင်သင့်ကြောင်း ၎င်းက ပြောသည်။
ပဒိုစောရွှေမောင်းက “အဲဒါကြတော့ အရင်တုန်းက ရှိထားခဲ့ကြတာပဲ၊ ဒီခေါင်းဆောင်ကြီးတွေနဲ့ သဘောတူညီချက် တွေ ရှိခဲ့ကြတာပဲ။ အဲဒီသဘောတူညီချက်အတိုင်း ဆောင်ရွက်သွားကြမယ် ဆိုလို့ရှိရင်တော့ တနေ့မဟုတ် တနေ့ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ရလဒ်ကောင်း ရလာမှာပေါ့၊ အဲဒါကြတော့ ပိုပြီးတော့ ထိခိုက်နစ်နာမှုတွေ၊ ဆုံးရှုံးနစ်နာမှုတွေ နည်းပါးတာပေါ့၊ အဲဒီလမ်းကြောင်းက အကောင်းဆုံးရှိထားခဲ့ပြီပြီး အဲဒီလမ်းကြောင်းက ရှိထားတဲ့ လမ်းကြောင်း ကို ဆက်ပြီးတော့ လျှောက်ဖို့ပဲ၊ ပြည့်ဝတယ်ဆိုတာ ဘာမှ မရှိပါဘူး။ ဆောင်ရွက်ရင်းနဲ့ လုပ်ဆောင်ရင်းနဲ့ လိုအပ် တဲ့ဟာတွေကို ဖြည့်စွက်ပြီး ဆောင်ရွက်ပြီး သွားကြတယ်ဆိုလို့ရှိရင် အားလုံးက ကောင်းမွန်တဲ့ ရည်မှန်းချက်ကို ရောက်ရှိသွားမှာပဲ၊ ကျနော်ကတော့ အဲဒီလိုပဲ မြင်ပါတယ်။ ဒီလိုမျိုး အကြမ်းဖက်တဲ့နည်းနဲ့ ဆောင်ရွက်တယ် ဆိုလို့ရှိရင် ဆုံးရှုံးနစ်နာမှုတွေပဲ ရှိတယ်၊ နှစ်ဖက်က အားလုံး ဆုံးရှုံးတယ်၊ အနစ်နာဆုံးကတော့ တို့ပြည်သူတွေ ပေါ့” ဟု CNI သတင်းဌာနသို့ ပြောသည်။
စစ်တပ်၊ လက်နက်ကိုင်၊ နိုင်ငံပါတီ ခေါင်းဆောင်များကိုတွေ့ရစဉ်
တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA)ကို ယခင် သမ္မတဦးသိန်းစိန်အစိုးရ လက်ထက်တွင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများဖြင့် သဘောတူ လက်မှတ်ရေးထိုးခဲ့ပြီး ကုလသမဂ္ဂ၊ ဗြိတိန်၊ နော်ဝေ၊ ဂျပန်၊ အိန္ဒိယ၊ တရုတ်၊ EU တို့မှ အသိသက်သေများအဖြစ် ပါဝင်လက်မှတ်ထိုးခဲ့ကြသည်။
NCA စာချုပ်ကို သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS)၊ ကရင်အမျိုးသား အစည်းအရုံး (KNU)၊ ချင်း အမျိုးသားတပ်ဦး (CNF)၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)၊ ဒီမိုကရက်တစ် ကရင်အကျိုးပြု တပ်မတော် (DKBA)၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)၊ ကရင်အမျိုးသား အစည်းအရုံး/ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော်/ ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA/PC)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF)၊ မွန်ပြည်သစ်ပါတီ (NMSP) နှင့် လားဟူဒီမိုကရက်တစ်အစည်းအရုံး (LDU) တို့ ပါဝင် လက်မှတ်ရေးထိုးထားသည်။
ငြိမ်းချမ်းရေး ဖော်ဆောင်ရန် အရပ်သားအစိုးရ လိုအပ်ကြောင်း၊ လက်ရှိ မြန်မာပြည် အနေအထားအရ ကမ္ဘာ့ စစ်တလင်း ဖြစ်သွားနိုင်ကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးစိန်ဝင်းက CNI သတင်းဌာနသို့ ပြောသည်။
နိုင်ငံရေးပါတီ ခေါင်းဆောင်များကို တွေ့ရစဉ်
၎င်းက “ငြိမ်းချမ်းရေးကို အကောင်အထည်ဖော်နိုင်တာက တကယ်က တပ်ကတော့ ငြိမ်းချမ်းရေးကို သူတို့ပြော တဲ့အရ သူတို့ ဖော်ဆောင်ချင်ပါတယ် သူတို့ ပိုပြီးတောင်မှ ငြိမ်းချမ်းချင်ပါတယ်။ ဒါပေမဲ့ တကယ်တမ်း ငြိမ်းချမ်း ရေးကို ဖော်ပေးနိုင်တာ ကြားလူကပဲ ငြိမ်းချမ်းရေးကို ဖော်ပေးနိုင်တာ၊ ကြားလူကပဲ ကြားလူဆိုတာ အရပ်သား အစိုးရကပဲ ဖော်ပေးနိုင်တဲ့ဟာရှိတယ်၊ အရပ်သားအစိုးရကလည်း တပ်ကိုလည်း နားလည်အောင် ပြောရမယ်၊ တစ်ဖက်ကိုလည်း နားလည်အောင်ပြောမယ်၊ အားလုံးက ငါတို့ရဲ့ ဘုံယုံကြည်မှုရှိဖို့အတွက် ဒီလိုဒီလို လုပ်ကြမယ်၊ အခုဟာက မြန်မာနိုင်ငံက အဲဒါမလုပ်ရင် ကမ္ဘာ့စစ်တလင်း ဖြစ်သွားနိုင်တယ်” ဟု ပြောသည်။
လက်ရှိ လက်နက်ကိုင်ပဋိက္ခအတွင်း ပါဝင်ပတ်သက်နေကြသော လက်နက်ကိုင် အဖွဲ့အစည်းများအနေဖြင့် တစ်ဖက်နှင့်တစ်ဖက် အလျှော့အတင်း လုပ်ဆောင်ရန် လိုအပ်ကြောင်း၊ ထို့အတူ ပြည်နယ်များ၏ လုပ်ပိုင်ခွင့် အချို့ကို ပေးသင့်ကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးစိန်ဝင်းက ပြောသည်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့တွင် မြန်မာ့တပ်မတော်က အာဏာရယူပြီးနောက် KNU၊ CNF နှင့် ABSDF တို့မှာ NCA တွင် ပါဝင်မှု အဆင့်ကို လျှော့ချလိုက်ပြီး တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားနေသည်။
ထို့နောက် အပစ်ရပ်လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင် ၇ ဖွဲ့၏ မဟာမိတ်အဖွဲ့ “7 EAO Alliance” အဖြစ် ပြောင်းလဲဖွဲ့စည်းကြောင်း ၂၀၂၄ ခုနှစ်၊ မတ်လ ၁၈ ရက်တွင် ကြေညာချက် ထုတ်ပြန်ခဲ့သည်။