CNI International News
ဂျေရုဆလင်၊ ဩဂုတ် ၂၀
အစ္စရေးနှင့်ဟားမာ့စ်အကြား ဂါဇာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် နှောင့်နှေးကြန့်ကြာနေမှုအတွက် အပြန်အလှန် အပြစ်တင်နေချိန်တွင် ဩဂုတ် ၁၈ ရက်က အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကင် (Antony Blinken) သည် အစ္စရေးသို့ ရောက်ရှိလာခဲ့သည်ဟု CNA မှ ဖော်ပြခဲ့သည်။
ပြီးခဲ့သည့်နှစ် အောက်တိုဘာလက အစ္စရေးကို ဟားမာ့စ်အဖွဲ့က တိုက်ခိုက်ခဲ့ပြီးနောက် ဂါဇာစစ်ပွဲ စတင်ဖြစ်ပွား ချိန်မှစပြီး အရှေ့အလယ်ပိုင်းသို့ နဝမမြောက် ခရီးစဉ်အဖြစ် ရောက်ရှိလာသည့် ဘလင်ကန်သည် အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟု (Benjamin Netanyahu) အပြင် အခြားအစ္စရေး ခေါင်းဆောင်များနှင့် တွေ့ဆုံခဲ့သည်။
ထိုအချိန်အတောအတွင်း ပြည်ပသံတမန်များကမူ ဂါဇာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်သည် ပဋိပက္ခ ကို ပိုမိုကျယ်ပြန့် လာစေမည့်အရေးမှ တားဆီးရာတွင် အထောက်အကူ ပြုနေစနိုင်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် အမည်မဖော်လိုသည့် အမေရိကန်အရာရှိ တစ်ဦးကလည်း လက်ရှိအချိန်သည် အလွန်အရေးကြီးသည့် အချိန်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ပါလက်စတိုင်းတွေကိုတွေ့ရစဉ်
ဘလင်ကင်ကလည်း ဂါဇာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ရရှိရန် ဆွေးနွေးမှုများကို လမ်းလွဲအောင် မလုပ်ဆောင်ကြရန် အစ္စရေးနှင့် ဟားမာ့စ်ကို တိုက်တွန်းခဲ့သည်။
ထိုသဘောတူညီချက်သည် ဂါဇာစစ်ပွဲ ရပ်တန့်ရန်နှင့် ဓားစာခံများ ပြန်လည်လွတ်မြောက်စေရန် နောက်ဆုံး အခွင့်အလမ်း တစ်ခုဖြစ်နိုင်ကြောင်း ပြောကြားခဲ့သည်။
"ဓားစာခံတွေ ပြန်လည်လွတ်မြောက်ဖို့၊ အပစ်အခတ်ရပ်စဲဖို့၊ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကို ပြန်လည် ထိန်းသိမ်းဖို့ အတွက် အခုအချိန်က အဆုံးအဖြတ်ပေးနိုင်တဲ့ အချိန်ကာလ ဖြစ်ပါတယ်။ အထူးသဖြင့် အကောင်းဆုံး အချိန် လည်းဖြစ်သလို နောက်ဆုံး အခွင့်အလမ်းတစ်ခုလည်း ဖြစ်နိုင်ပါတယ်" ဟု ဘလင်ကင်က တဲလ်အဗစ် (Tel Aviv) မြို့တွင် အစ္စရေးသမ္မတ အိုက်ဆက် ဟာဇော့ (Isaac Herzog) နှင့် တွေ့ဆုံချိန် ပြောကြားခဲ့သည်။
ဘလင်ကင်သည် ယခုသီတင်းပတ်အတွင်း အပစ်အခတ်ရပ်စဲရေး ဆွေးနွေးမှုများ ပြန်လည်စတင်မည့် အီဂျစ်နိုင်ငံ၊ ကိုင်ရို (Cairo) မြို့တော်သို့ ဩဂုတ် ၂၀ ရက်တွင် သွားရောက်ရန် စီစဉ်ထားသည်။
ဘလင်ကင်နဲ့ နေတန်ညာဟုကို တွေ့ရစဉ်
ဂါဇာ အပစ်အခတ် ရပ်စဲရေးနှင့်ပတ်သက်ပြီး အမေရိကန်၊ ကာတာနှင့် အီဂျစ်တို့က ကြားဝင်စေ့စပ်မှုများ ပြုလုပ်ပေးခဲ့သည်မှာ လပေါင်းများစွာ ကြာမြင့်ခဲ့ပြီဖြစ်သော်လည်း ယနေ့အချိန်အထိ အောင်မြင်မှု မရရှိသေးပေ။
ထို့ပြင် ဇူလိုင်လကုန်ပိုင်းက အီရန်တွင် ဟားမာ့စ်အဖွဲ့ နိုင်ငံရေးခေါင်းဆောင် အစ္စမေးလ် ဟာနီယာ (Ismail Haniyeh) သတ်ဖြတ်ခံရမှုနှင့် ဂါဇာတွင် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းများ ဆိုးရွား လာချိန်တွင် ဆွေးနွေးညှိနှိုင်းမှုများ ပိုမိုခက်ခဲလာခဲ့သည။
ပြီးခဲ့သည့် သီတင်းပတ်က ကာတာတွင် ပြုလုပ်သည့် ဆွေးနွေးပွဲများမတိုင်မီ ဟားမာ့စ်အဖွဲ့ကမူ ဆွေးနွေးညှိနှိုင်း မှုများ ပိုမိုပြုလုပ်ရန်ထက် ပြီးခဲ့သည့် မေလက အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန် (Joe Biden) အဆိုပြုခဲ့သည့် အပစ်အခတ်ရပ်စဲရေးမူဘောင်ကို အကောင်အထည်ဖော်ရန် ကြားဝင်စေ့စပ်သူများကို တိုက်တွန်းခဲ့သည်။
Source: CAN