CNI International News

အန်ကာရာ၊ မေလ ၁၅

တနင်္ဂနွေနေ့ ရွေးကောက်ပွဲတွင် အာဒိုဂန် (Erdogan)နှင့်ပြိုင်ဘက် ကီမဲလ် ကီလစ်ဒါ ရော့ဂလူ (Kemal Kilicda roglu) တို့နှစ်ဦးစလုံး ပြတ်ပြတ်သားသား အသာစီး ရရှိနေမှု မရှိခြင်းကြောင့် တူရကီ၏ သမ္မတရွေးကောက်ပွဲကို နောက်တစ်ကြိမ် ထပ်မံယှဉ်ပြိုင်ရဦးမည့် အနေအထားတွင် ရှိနေကြောင်း Reuters မှ ရေးသားဖော်ပြထားသည်။

မဲများ၏ ၉၁ ရာခိုင်နှုန်းနီးပါး ရေတွက်ပြီးချိန်တွင် နှစ်ဖက်စလုံးက အသာစီး ရရှိနေသည်ဟု အသီးသီးကြေညာ ထားသော်လည်း နှစ်ခြမ်းကွဲနေသော နိုင်ငံအတွင်း စောစီးစွာ ယတိပြတ် ပြောဆိုခြင်းနှင့် ပတ်သက်၍ သတိပေးမှု ပြုလုပ်ထားသည်။

ရွေးကောက်ပွဲ မတိုင်ခင် စစ်တမ်းကောက်ယူမှုများတွင် ရွေးကောက်ပွဲသည် အကြိတ်အနယ် ဖြစ်လိမ့်မည်ကို တွေ့ခဲ့ရသော်လည်း ပါတီခြောက်ခုနှင့် မဟာမိတ်ဖွဲ့ထားသည့် ကီလစ်ဒါ ရော့ဂလူက အနည်းငယ် အသာစီး ရခဲ့သည်။

သောကြာနေ့ စစ်တမ်းနှစ်ခုတွင်မူ ၎င်းသည် ထောက်ခံမဲ ၅၀ ရာခိုင်နှုန်းကျော်ကိုပင် ရရှိခဲ့သည်။

တူရကီသမ္မတ အာဒိုဂန်ကို တွေ့ရစဉ်

တူရကီသမ္မတ ရွေးကောက်ပွဲသည် လူဦးရေ ၈၅ သန်းရှိသော နေတိုးအဖွဲ့ဝင် နိုင်ငံ၏ ခေါင်းဆောင်အသစ် ရွေး ချယ်ခြင်းသာမက ပိုမို လောကီရေးရာ ဆန်သော တူရကီနိုင်ငံ အဖြစ်သို့၊ ဒီမိုကရေစီ လမ်းကြောင်းပေါ်သို့ ပြန် ရောက်မည်လား ဆိုခြင်းအပြင် လူနေမှုစရိတ် မြင့်တက်နေခြင်း၊ ရုရှား၊ အရှေ့အလယ်ပိုင်း၊ အနောက် အုပ်စု စသည်တို့နှင့် ဆက်ဆံရေးကို မည်သို့ ကိုင်တွယ် ဖြေရှင်းသွားမည်လဲဆိုခြင်းကိုပါ ဆုံးဖြတ် ပေးသွားမည်ဖြစ်သည်။

၉၁ ရာခိုင်နှုန်းနီးပါး မဲများ ရေတွက်ပြီးချိန်တွင် အာဒိုဂန်သည် ၄၉ ဒသမ ၈၆ ရာခိုင်နှုန်းရရှိကာ ကီလစ်ဒါ ရော့ဂလူ သည် ၄၄ ဒသမ ၃၈ ရာခိုင်နှုန်း ရရှိထားသည်ဟု နိုင်ငံပိုင် Anadolu သတင်း၌ ဖော်ပြသည်။
သို့သော် ယင်းသည် အာဒိုဂန်၏ မဲအရေအတွက်ကို မြှင့်တင်ပေးရန် လီဆယ် ထုတ်ပြန်ခြင်းဟု အတိုက်အခံများ ဘက်က ပြောသည်။

ပထမအကျော့တွင် အနိုင်ရရှိသူ မရှိသည့် ပုံစံဖြစ်ကြောင်း၊ သို့သော် အချက်အလက်များအရ ကီလစ်ဒါရော့ဂလူ အနိုင်ရရှိနေကြောင်း အတိုက်အခံပါတီ၏ ခေါင်းဆောင်တစ်ဦးက ပြောသည်။

အာဒိုဂန်၏ ပါတီသည် မဲများနှင့် ပတ်သက်၍ ကန့်ကွက်မှုများလာကာ ရလဒ်ကို အချိန်ဆွဲနိုင်ရန် ကြိုးပမ်းနေ သည်ဟု နောက်ထပ် အတိုက်အခံ ခေါင်းဆောင်တစ်ဦးက ပြောသည်။

သမ္မတရွေးကောက်ပွဲ ၀င်ပြိုင်နေသူ ကီလစ်ဒါရော့ဂလူကို တွေ့ရစဉ်

လက်ရှိတွင် ၎င်းတို့သည် မဲရေတွက်မှု လုပ်ငန်းစဉ်ကို ကြန့်ကြာစေရန် အစွမ်းကုန် လုပ်ဆောင်နေသည်ဟု ၎င်းက ပြောသည်။

သို့သော် မြို့တော် အန်ကာရာ (Ankara) တွင်မူ နှစ်ဖက်စလုံးမှ အောင်ပွဲခံမှုများ လုပ်ဆောင်နေသည်။

အာဒိုဂန်၏ AKP ပါတီရုံးချုပ် အပြင်ဘက်တွင် ထောက်ခံသူများက အာဒိုဂန်၏ ပိုစတာများ ကိုင်ဆောင်ကာ သီဆို ကခုန် နေသကဲ့သို့ ကီလစ်ဒါရော့ဂလူ၏ CHP ပါတီ ရုံးချုပ်တွင်လည်း လူထောင်ပေါင်းများစွာ စုဝေးကာ တူရကီ နိုင်ငံအား တည်ထောင်သူ မူစတာဖာ ကီမဲလ် အာတာတာ့ခ် (Mustafa Kemal Ataturk) ပုံနှင့်အလံများ လွှင့်ထူ အောင်ပွဲခံလျက်ရှိသည်။

တူရကီအတွက် သမ္မတအသစ် ရွေးချယ်ပွဲသည် နိုင်ငံ၏ နှစ်ပေါင်း ၁၀၀ သမိုင်းတွင် အရေးပါဆုံးသော နိုင်ငံရေး ဆိုင်ရာ ဆုံးဖြတ်ချက်ကို ချမှတ်ရမည့် အခမ်းအနားများမှ တစ်ခုဖြစ်ကာ ယင်းက တူရကီ နယ်နိမိတ် အပြင်ဘက် အထိ အကျိုးသက်ရောက်မှု ရှိစေမည်လည်း ဖြစ်သည်။

Source: Reuters