CNI International News

အန်ကာရာ၊ မေလ ၁၀

တူရကီအစိုးရသည် အလုပ်သမားများ၏ လစာကို ၄၅ ရာခိုင်နှုန်း တိုးမြှင့်ပေးကြောင်း သမ္မတ ရီဆက် တေရစ် အာဒိုဂန် (Recep Tayyip Erdogan) က ပြောသည်ဟု Al Jazeera သတင်းတွင် ဖော်ပြသည်။

သမ္မတနှင့်လွှတ်တော်ဆိုင်ရာ ရွေးကောက်ပွဲများ မကျင်းပခင် ၅ ရက်အလို၌ ထိုသို့ ပြောခဲ့ခြင်း ဖြစ်သည်။

တူရကီသမ္မတသည် လာမည့် ရွေးကောက်ပွဲတွင် ပင်မ အတိုက်အခံ ကိုယ်စားလှယ်လောင်း ကီမဲလ် ကီလစ်ဒါ ရော့ဂလူ (Kemal Kilicdaroglu) နှင့် ပြင်းပြင်းထန်ထန် ယှဉ်ပြိုင်ရမည်ဟု စစ်တမ်း ကောက်ယူမှုများတွင် ဖော်ပြ သည်။

အာဒိုဂန်သည် လစာတိုးသည့် ကိစ္စကို အင်္ဂါနေ့တွင် ကျင်းပခဲ့သည့် စီးပွားရေးနှင့် ပြည်သူ့ဝန်ထမ်းများ၏ လူမှုရေး အခွင့်အလမ်းများဆိုင်ရာ အစည်းအဝေးတစ်ခုတွင် ပြောဆိုခဲ့ခြင်း ဖြစ်သည်။

တူရကီ ရွေးကောက်ပွဲ စည်းရုံးနေကြစဉ်

မြို့တော် အန်ကာရာ (Ankara) တွင် ပြုလုပ်ခဲ့သော အစည်းအဝေးကို ပြည်သူ့စုပေါင်း ညှိနှိုင်းမှု သဘောတူညီချက် ညှိနှိုင်းမှု မှတ်တမ်း (Public Collective Bargaining Agreement Framework Protocol) ကို အခြေခံကာ လုပ် ဆောင်ခဲ့ခြင်း ဖြစ်သည်။

လူမှုဖူလုံရေး အပါအဝင် လစာကို ၄၅ ရာခိုင်နှုန်းတိုးကြောင်း သမ္မတက ပြောခဲ့သည်ဟု အစိုးရဝက်ဘ်ဆိုဒ်တွင် ထုတ်ပြန်ထားသည့် ကြေညာချက် တစ်စောင်၌ ဖော်ပြသည်။

ထို့ကြောင့် အနိမ့်ဆုံး ပြည်သူ့ဝန်ထမ်း လစာသည် တူရကီ လိုင်ရာ (TL) ၁၅၀၀၀ ထိ မြင့်တက်သွားမည်ဟုလည်း ၎င်းက ပြောသည်။

ပြည်သူ့ဝန်ထမ်းများ၏ လစာနှင့် ပင်စင်ကို တိုးပေးသွားရန်အတွက် ဆက်လက် လုပ်ဆောင်သွားဦးမည်ဟုလည်း အာဒိုဂန်က ပြောသည်။

ဇူလိုင်လတွင် ငွေကြေးဖောင်းပွမှု ခြားနားချက်နှင့် လူမှုဖူလုံရေးကိစ္စများကို အခြေခံကာ ပြင်ဆင်မှုများ လုပ်ဆောင် သွားမည်ဟုလည်း ၎င်းက ပြောသည်။

တူရကီ၏ စီးပွားရေးသည် လာမည့် တနင်္ဂနွေနေ့ ရွေးကောက်ပွဲအတွက် အဓိက အကြောင်းအရာလည်း ဖြစ်သည်။

တူရကီ ရွေးကောက်ပွဲ စည်းရုံးနေကြစဉ်

အာဒိုဂန်၏ ပုံမှန် မဟုတ်သော အတိုးနှုန်း လျော့မှုကြောင့် ၂၀၂၁ ခုနှစ် နှောင်းပိုင်းတွင် တူရကီငွေကြေး တန်ဖိုး ကျဆင်းမှု ပေါ်ပေါက်လာခဲ့ကာ ပြီးခဲ့သည့်နှစ်၌ ငွေကြေးဖောင်းပွမှုနှုန်းသည် ၂၄ နှစ်အတွင်း အမြင့်ဆုံးအဖြစ် ၈၅ ဒသမ ၅ ရာခိုင်နှုန်းသို့ ရောက်ရှိခဲ့သည်။

ဖေဖော်ဝါရီလက အင်အားပြင်းငလျင် နှစ်ခုကြောင့် အပါအဝင် ရုန်းကန်နေရသည့် တူရကီ၏ စီးပွားရေးသည် အာဒိုဂန်၏ ပြန်လည် ရွေးချယ်ခံရရေး မဲဆွယ်မှုများကို ထိခိုက်စေလျက်ရှိသည်။

အာဒိုဂန်သည် တူရကီအား လွန်ခဲ့သည့်နှစ် ၂၀ ခန့်ကတည်းက ဦးဆောင်ခဲ့သူဖြစ်ကာ သူ၏ မဲဆွယ်မှုများတွင် စီးပွားရေး အကျပ်အတည်းကို ဖြေရှင်းရန် အတိုးနှုန်း လျှော့ခြင်းကို နည်းလမ်းတစ်ခုအဖြစ် အသုံးပြုသွား မည်ဟု ကတိပြုထားသည်။

ငွေကြေးဖောင်းပွမှု ပမာဏကို ဂဏန်းတစ်လုံးထဲသို့ လျှော့ချကာ စီးပွားရေး တိုးတက်မှုကိုပါ မြှင့်တင် သွားမည်ဟုလည်း ၎င်းက ပြောသည်။

Source: Aljazeera