CNI News

၂၀၂၃ ခုနှစ်၊ မေလ ၁၄

အားအလွန်ကောင်းသည့် ဆိုင်ကလုန်းမုန်တိုင်း မိုခါသည် ချင်းပြည်နယ်၊ ပလက်ဝမြို့အနီးမှ မြောက်- အရှေ့ မြောက်ဘက်သို့ ဆက်လက် ရွေ့လျားလျက်ရှိကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက မေလ ၁၄ ရက်နေ့ ည ၇ နာရီတွင် သတင်းထုတ်ပြန်ခဲ့သည်။

ထို့ကြောင့် အညိုရောင်အဆင့်ဟု သတ်မှတ်ထားကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့နောက် နောက် ၂၄ နာရီအတွင်း မိုခါသည် မြောက်- အရှေ့မြောက်ဘက်သို့ ဆက်လက် ရွေ့လျားနိုင်ပြီး၊ နောက် ၁၂ နာရီအတွင်း ချင်းပြည်နယ်၊ မကွေးတိုင်း ဒေသကြီး (မြောက်ပိုင်း)၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် မန္တလေးတိုင်း ဒေသကြီး(မြောက်ပိုင်း)တို့ကို ဆိုင်ကလုန်းမုန်တိုင်း (မိုခါ) အနေဖြင့်လည်းကောင်း၊ နောက် ၂၄ နာရီ အတွင်း ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)တို့ကို မုန်တိုင်းငယ် အနေဖြင့်လည်းကောင်း ဆက်လက် ရွေ့လျား နိုင်သည်ဟု မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ခန့်မှန်းထားသည်။

 

မေလ ၁၅ ရက်တွင် နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူး တိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည် နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာ အနှံ့အပြားနှင့်  တနင်္လာရီ တိုင်း ဒေသကြီးတွင် နေရာစိပ်စိပ် မိုးထစ်ချုန်းရွာနိုင်ကြောင်း ၎င်းက သတိပေးထားသည်။

ထို့နောက် မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် မကြာခဏ မိုးသက် လေပြင်းများ ကျရောက်ပြီး လှိုင်းကြီးရာမှ လှိုင်းအလွန်ကြီးမည်၊ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင် လေသည် တစ်နာရီလျှင် မိုင် ၅၀ မှ မိုင် ၆၀ ခန့်အထိ တိုက်ခတ်နိုင်ကြောင်း မိုးဇ/လက ထုတ်ပြန်ခဲ့သည်။