CNI News

၂၀၂၂ ခုနှစ်၊ မေ ၄

တရုတ်နိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှု ပြန်လည်ဖြစ်ပွားနေခြင်းကြောင့် မြန်မာ-တရုတ် နယ်စပ် ကုန်သွယ်ရေးဂိတ်များ ပြန်လည်ဖွင့်လှစ်ရန် ကြန့်ကြာမှု ရှိနိုင်ကြောင်း ကုန်သည်များက သုံးသပ်နေကြသည်။

လက်ရှိတွင် ရှမ်းပြည်နယ်အတွင်းရှိ တရုတ်နိုင်ငံနှင့် ကုန်သွယ်မှုပြုလုပ်နေသည့် ကုန်သွယ်ရေးဂိတ် ၆ ခုအနက် ကျင်စန်းကျော့ဂိတ်တစ်ခုတည်းသာ ဖွင့်လှစ်ထားကြောင်းနှင့် ကျန်ရှိနေသည့် ဂိတ်များ ပြန်လည်ဖွင့်လှစ်ရန် မသေချာသေးကြောင်း မူဆယ် ဆန်စပါးကုန်စည်ဒိုင် ဒုတိယဥက္ကဋ္ဌ ဦးမင်းသိန်းက CNI သတင်းဌာနသို့ ပြောသည်။

“နယ်စပ်ကုန်သွယ်ရေးက ကျင်စန်းကျော့ပဲ ဖွင့်ထားတယ်လေ။ တခြားဂိတ်ကတော့ မသေချာသေးဘူး။ ဘာမှကို မပြောဘူး။ ဥပမာပြောပြမယ် မန့်ဝိန်းဂိတ် အရေးကြီးဆုံးက မန့်ဝိန်းဂိတ်။ မန့်ဝိန်းဂိတ် ဖွင့်မယ်ဆိုတာကလည်း အပြင်သတင်းတွေပဲ ရှိတယ်။ ဘယ်နေ့ဖွင့်မယ်နဲ့ ဒီနေ့ ဖွင့်မယ်နဲ့ ဒါပေမယ့် ဒီကနေ့အထိ မဖွင့်သေးဘူး။ ဒီကနေ့ အထိ တရားဝင်တဲ့စာ မထွက်သေးဘူး။ ဘာလို့ဆို တရုတ်ပြည်တွင်းမှာ ကိုဗစ်ရောဂါ တွေ့ရှိတဲ့သူက ရှန်ဟိုင်းဆို ပိုဆိုးတယ်။ အဲတော့ သူက အဲဒီကိစ္စကို ကာကွယ်တဲ့အနေနဲ့ လုပ်တာက ၅၀ ရာခိုင်နှုန်းလောက် ဖြစ်နိုင်တယ်။ ကျန်တဲ့ ၅၀ ရာခိုင်နှုန်းကလည်း ဘာအကြောင်းတွေ ရှိနေလဲ မသိတော့ဘူး။ လောလောဆယ်တော့ မသေချာ မရေရာသေးဘူးလို့ပဲ ပြောရမှာပဲ” ဟု ပြောသည်။

ပြီးခဲ့သည့် ဧပြီ ၂၈ ရက်နေ့တွင် မြန်မာ - တရုတ် စီးပွားရေးဆိုင်ရာ ကိုယ်စားလှယ်များ၊ ကုန်သည်များနှင့် နှစ်နိုင်ငံ တာဝန်ရှိသူများမှ မြန်မာ - တရုတ် နှစ်နိုင်ငံ စီးပွားရေး တိုးတက်မှုများနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြသော်လည်း ပိတ်ထားသည့် နယ်စပ်ကုန်သွယ်ရေးများနှင့်ပတ်သက်ပြီး သေချာသည့် ဆုံးဖြတ်ချက်များ ထွက်ပေါ်လာခြင်း မရှိ ကြောင်း သိရသည်။

ကျင်စန်းကျော့ဂိတ်ကို ဖွင့်လှစ်ထားသော်လည်း ကုန်သွယ်မှုတွင် ကုန်တင်ယာဉ် ငှားရမ်းခ ယခင်ကထက် ၃ ဆ နီးပါး ဈေးနှုန်းမြင့်တက်နေခြင်း၊ မြန်မာကုန်တင်ယာဉ်များ တရုတ်နိုင်ငံတွင်းသို့ ဝင်ရောက်ခွင့်မရခြင်းနှင့် တရုတ်မှ ချမှတ်ထားသည့် ကန့်သတ်ချက်များ များပြားနေခြင်းကြောင့် ကုန်သွယ်ရေးများ လျော့ကျနေကြောင်း ကုန်သည် များထံမှ သိရသည်။

မြန်မာ - တရုတ် နယ်စပ်ကုန်သွယ်ရေး ယခုထက် ပိုမိုတိုးတက်စေရန်အတွက် ပိတ်ထားသည့် ဂိတ်များဖွင့်လှစ်ရန် လိုအပ်ကြောင်းနှင့် ခေါက်တိုကား ငှားရမ်းခဈေးနှုန်း လျော့ကျအောင် ညှိနှိုင်းပေးရန် လိုအပ်သည်ဟု ဦးမင်းသိန်း က သုံးသပ်သည်။

“ နယ်စပ်ကုန်သွယ်ရေး အခြေအနေ အလားအလာသည် ဒီပုံစံအတိုင်းသွားမယ်၊ ဂိတ်တွေ ဖွင့်ထားလည်း ဒီ ပုံစံ အတိုင်းပဲ ဖွင့်တယ်၊ ခေါက်တိုကားခဈေးနှုန်းတွေကလည်း ဒီပုံစံအတိုင်းပဲ ဈေးတက်မယ်ဆိုရင်တော့ နယ်စပ် ကုန်သွယ်ရေးအလာအလာ ရှေ့ကို တိုးတက်ဖို့ မရှိသလောက်ပဲ။ အဲတော့ နယ်စပ်ကုန်သွယ်ရေးကို ပြန်ပြီးတော့ ဖွင့်လှစ်ပေးစေချင်တယ်ဆိုရင်တော့ နယ်စပ်ဂိတ်တွေကိုလည်း တစ်ပေါက်ပဲ ဖွင့်ထားမယ့်အစား ကျန်တဲ့ ၄/၅ ပေါက်ကိုလည်း ဖွင့်ထားရမယ်။ နံပါတ် ၂ ကလည်း ခေါက်တိုကားတွေ ဈေးကြီးနေတာကိုလည်း လျှော့ချနိုင်အောင် နှစ်နိုင်ငံ တိုင်ပင်ပြီးတော့ မြန်မာကားတွေကို ဝင်ထွက်ခွင့်ပြုရမယ်။ သူတို့ရဲ့ စည်းကမ်းချက်တွေကိုလည်း ဖြေလျှော့ပေးရမယ်။ ဒါမှ နယ်စပ်ကုန်သွယ်ရေးက တိုးတက်မယ်လို့ မြင်ပါတယ် ” ဟု CNI သို့ ပြောသည်။

ကိုဗစ်ရောဂါ အကြောင်းပြချက်ဖြင့် ၂၀၂၁ ခုနှစ် ဇူလိုင်လမှစတင်၍ မြန်မာ - တရုတ် ကုန်သွယ်ရေးတွင် အရေးပါသည့် ချင်းရွှေဟော်၊ နန်းတော်ဂိတ်၊ ဂျယ်ဂေါင်ဂိတ်၊ ဆင်ဖြူဂိတ်နှင့် မန့်ဝိန်းဂိတ်တို့ကို တရုတ်နိုင်ငံဘက်မှ ပိတ်ထားခဲ့ပြီး ၂၀၂၁ ခုနှစ် နိုဝင်ဘာလ ၂၂ ရက်နေ့တွင် ကျင်စန်းကျော့ဂိတ်တစ်ခုတည်းကိုသာ ပြန်လည်ဖွင့်လှစ် ခဲ့သည်။

တရုတ်နယ်စပ်ကုန်သွယ်ရေးအများအပြားပိတ်ထားခဲ့ခြင်းကြောင့် ကုန်သွယ်မှု ပမာဏများ လျော့ကျလာသည်ကို လည်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်သည့် စာရင်းများအရသိရသည်။

၂၀၂၀ - ၂၀၂၁ ဘဏ္ဍာနှစ် မီနီဘတ်ဂျက်ကာလ အောက်တိုဘာလ ၁ ရက်နေ့မှ မတ်လ ၃၁ ရက်နေ့အထိ မြန်မာ - တရုတ် နှစ်နိုင်ငံ ကုန်သွယ်မှုအနေဖြင့် အမေရိကန်ဒေါ်လာ ၃၅၅၅.၄၉၄ သန်း ကုန်သွယ်နိုင်ခဲ့သော်လည်း ၂၀၂၁ - ၂၀၂၂ ဘဏ္ဍာနှစ် ကာလတူတွင် အမေရိကန်ဒေါ်လာ ၇၉၉.၁၃၈ သန်းသာ ကုန်သွယ်နိုင်ခဲ့သည့်အတွက် အမေရိကန်ဒေါ်လာ သန်း ၂၇၀၀ ကျော် လျော့ကျခဲ့သည်ကို တွေ့ရှိရသည်။