CNI News

၂၀၂၂ ခုနှစ်၊ မေ ၂၅

ကမ္ဘာတစ်ဝှမ်း စားနပ်ရိက္ခာ မလုံလောက်ခြင်းနှင့် ပြတ်လပ်မှုများ ကြုံတွေ့နေရသော်လည်း မြန်မာနိုင်ငံသည် စိုက်ပျိုးရေးနိုင်ငံ ဖြစ်သည့်အတွက် တစ်နိုင်ငံလုံးအတိုင်းအတားဖြင့် စားနပ်ရိက္ခာ ပြတ်လပ်မှု မကြုံနိုင်သော်လည်း ဒေသတချို့မှာတော့ ကြုံတွေ့ရနိုင်ကြောင်း စီးပွားရေးပညာရှင်များက CNI သတင်းဌာနသို့ ပြောသည်။

မြန်မာနိုင်ငံအတွင်း မလုံလောက်၍ စားနပ်ရိက္ခာ ပြတ်လပ်မှုကို မကြုံရနိုင်သော်လည်း ဒေသတချို့တွင် အခြေအနေ မတည်ငြိမ်မှုများကြောင့် စိုက်ပျိုးရေး လုပ်ကိုင်၍ မရသည့်အတွက် စားနပ်ရိက္ခာ ပြတ်လပ်မှုများ ကြုံတွေ့ရနိုင်သည်ဟု စီးပွားရေး လေ့လာသူတစ်ဦးက ပြောသည်။

၎င်းက "ကိုယ့်ဒေသအတွက် ကိုယ့်ဒေသရဲ့ လူဦး‌ရေအတွက် မလုံလောက်တော့ဘူး ဆိုရင်တော့ တခြား ဒေသကနေပြီးတော့ သယ်ဖို့ စဉ်းစားရတော့မယ်လေ။ အမှန်တော့ စစ်ကိုင်းက သူကိုယ်တိုင်က တစ်နိုင်ငံလုံးကို ဆန်ဖြန့်နေတဲ့ ဒေသပါ။ ဒါပေမယ့် လက်ရှိ အခြေအနေက ပြောမရဘူးလေ။ သူ့ဒေသမှာ မလုံလောက်လို့ရှိရင် တခြားတိုင်းဒေသကြီးက သွင်းရတော့မယ်။ အဲဒါ ဆိုလို့ရှိရင် အဲလိုသွင်းလို့ရှိရင် လမ်းကြောင်း မတည်ငြိမ်တာတို့၊ ဘာတို့ အဲဒါတွေကြောင့်ပဲ စားနပ်ရိက္ခာ ပြတ်လပ်မှု ကြုံရတော့မယ်။ ပြည်တွင်း မလုံလောက်လို့ ပြတ်လပ်မှု ကြုံရတာမျိုးတော့ မဖြစ်နိုင်ပါဘူး မြန်မာနိုင်ငံအနေနဲ့" ဟု ပြောသည်။

လက်ရှိတွင် အီရန်၊ သီရိလက္ခာ အပါအဝင် ကမ္ဘာတစ်ဝှမ်း စားနပ်ရိက္ခာ ပြတ်လပ်မှုနှင့် ကြုံတွေ့နေရသည့်အတွက် တချို့နိုင်ငံ များသည် ၎င်းတို့နိုင်ငံ စားနပ်ရိက္ခာ ဖူလုံရေးအတွက် ပြည်ပသို့ ကုန်စည်တင်ပို့ခြင်းများကို ကန့်သတ်လာသလို ပြည်တွင်းတွင် စုဆောင်းမှုများ ပြုလုပ်လာနေကြသည်။

မိသားစုတစ်စု၏ ထမင်းစားဝိုင်း

မြန်မာနိုင်ငံတွင် စက်သုံးဆီဈေးနှုန်း မြင့်တက်နေခြင်း၊ စိုက်ပျိုးရေးတွင် သွင်းအားစုစရိတ်များ အဆမတန် မြင့်မားနေခြင်းနှင့် စိုက်ပျိုးရန် အခက်အခဲရှိနေခြင်း၊ ဒေသတွင်း လက်နက်ကိုင် ပဋိပက္ခများကြောင့် စိုက်ပျိုးရေး မလုပ်ဆောင်နိုင်ဘဲ ဖြစ်နေခြင်း၊ ထို့ကြောင့် ဆန်စပါး အပါအဝင် သီးနှံ အထွက်နှုန်းများ လျော့ကျလာနိုင်သည့် အခြေအနေရှိကြောင်း တောင်သူများက ပြောသည်။

သို့သော် မြန်မာနိုင်ငံသည် စိုက်ပျိုးရေးနိုင်ငံ ဖြစ်သည့်အတွက် ဆန်စပါး ပြတ်လပ်မှုနှင့် မကြုံတွေ့နိုင်ကြောင်း၊ သို့သော် တခြားသော သီးနှံများ ရှားပါးခြင်းနှင့် ဈေးနှုန်း မြင့်တက်ခြင်းများ ကြုံတွေ့ရနိုင်ကြောင်း ဧရာကုန်သွယ်မှု ဗဟိုဌာန၏ တာဝန်ခံ ဦးနေဝင်းစိုးက CNI သတင်းဌာနသို့ ပြောသည်။
ဦးနေဝင်းစိုးက "ဆန်နဲ့ ပတ်သက်ပြီးတော့ သိပ်ပြီးတော့ စိုးရိမ်စရာ မရှိဘူး။ ကျန်တဲ့ သီးနှံတွေ အတွက်ကတော့ စိုးရိမ်စရာ ရှိ တယ်။ အကယ်၍ ရှားပါးမှုတွေ ဖြစ်လာပြီဆိုရင် မြေပဲ၊ နှမ်းလိုပဲ လုပ်လိုက်ပေါ့။ ပြည်ပကို တင်ပို့ခွင့် မပြုတော့ဘူး ပိတ်လိုက်ပေါ့။ ပြည်တွင်း စားသုံးမှု ဖူလုံသလောက်ပဲ ထားပေါ့။ အဲလိုလုပ်ရင်တော့လည်း ရနိုင်တယ်။ ကျန်တဲ့ သီးနှံတွေ အတွက်က တော့ ပဲတို့၊ နှမ်းတို့ ကျန်တဲ့ သီးနှံတွေအတွက်ကတော့ အထွက်နှုန်း တော်တော် ကျသွားမယ်ဗျ။ ဘာလို့လဲဆိုတော့ ဆေး ကျွေး ရမယ့်အချိန်မှာ မကျွေးနိုင်တော့ဘူး။ သုံးကြိမ် ကျွေးရမယ့်အချိန်မှာ နှစ်ကြိမ်ပဲ ကျွေးနိုင်တော့တယ်၊ တစ်ကြိမ်ပဲ ကျွေးနိုင်တော့တယ်။ အထွက်နှုန်း ကျတဲ့အပြင် တချို့က စပြီးရင်းနှီးရမယ့် အရင်းအနှီးကလည်း ကြီးတဲ့အခါကျတော့ တချို့တွေက မစိုက်နိုင်ကြတော့ဘူး။ နောက် မြန်မာပြည် အလယ်ပိုင်းတို့မှာဆိုရင်လည်း စစ်ရှောင်တဲ့ကိစ္စတွေ ဖြစ်လာတဲ့ အခါကျတော့ မစိုက်နိုင်ကြဘူး အဲလိုတွေ ဖြစ်နေကြတယ်။ ဆန်စပါးတွေ အနေနဲ့ကျတော့ သိပ်ပူပင်စရာ မရှိဘူးလို့ ထင်တယ်။ သို့သော်ငြား လည်း ဈေးနှုန်းတက်တဲ့ကိစ္စ၊ ကုန်ဈေးနှုန်း ထိန်းလို့မရဘူးဗျ အဲဒါကတော့" ဟု ပြောသည်။

စိုက်ပျိုးရေး လုပ်ငန်း

လက်ရှိ မြန်မာနိုင်ငံတွင် နိုင်ငံရေး အကျပ်အတည်းနှင့် လက်နက်ကိုင် ပဋိပက္ခများကြောင့် စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ် တို့တွင် စိုက်ပျိုးရေး လုပ်ကိုင်ရန် အခက်အခဲ ရှိနေကြောင်း၊ စိုက်ပျိုးရေး လုပ်ကိုင်၍ မရသည့် ဒေသများ ရှိလာနေကြောင်း၊ စိုက်ပျိုးပြီးသော သီးနှံများ ရိတ်သိမ်းခွင့် မရဘဲ ဖြစ်နေကြောင်း သိရသည်။

ထို့နောက် စိုက်ပျိုးရေး ချေးငွေ မရရှိခြင်းနှင့် စိုက်ပျိုးရေးစရိတ် ကြီးမြင့်ခြင်းကြောင့် စိုက်ဧက လျှော့ချလာကြသည့်အတွက် စိုက်ပျိုးသီးနှံ အထွက်နှုန်းများ ကျဆင်းမှုများရှိနေကြောင်း သိရသည်။