CNI International News
ဝါရှင်တန်၊ ဇန်နဝါရီ ၂၂
မက္ကဆီကိုနယ်စပ်တွင် ရွှေ့ပြောင်းနေထိုင်သူများအရေး ကိုင်တွယ်ဖြေရှင်းနိုင်ရန်အတွက် စစ်အင်အားသုံးပြီး အရေးပေါ် အခြေအနေ ကြေညာသွားမည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်(Donald Trump)က ပြောကြားခဲ့သည်ဟု ဘန်ကောက်ပို့စ်က ဖော်ပြခဲ့သည်။
အမေရိကန်၏ ၄၇ ဦးမြောက် သမ္မတဖြစ်သည့် ထရမ့်သည် သမ္မတအုပ်ချုပ်ရေး အမိန့်များကို ဆက်တိုက် လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့ပြီး နိုင်ငံအတွင်း ဝင်ရောက်သည့် ရွှေ့ပြောင်းနေထိုင်သူ အရေအတွက်ကို သိသိသာသာလျှော့ချရန် ရည်ရွယ်ထားသည်။
“အရင်ဆုံးလုပ်မှာကတော့ အမေရိကန်ရဲ့ တောင်ပိုင်းနယ်စပ်မှာ အရေးပေါ်အခြေအနေ ကြေညာသွားမှာပါ။ တရားမဝင် ဝင်ရောက်မှုအားလုံးကို ချက်ချင်းရပ်တန့်သွားပြီး သန်းနဲ့ချီတဲ့ ခိုးဝင်လာသူတွေကို နေရပ်ကို ပြန်ပို့သွားမှာပါ”ဟု ထရမ့်က ပြောသည်။
ဒေါ်နယ်ထရမ့်ကို တွေ့ရစဉ်
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) သမ္မတအုပ်ချုပ်ရေး အမိန့်များကို လက်မှတ်ရေးထိုး ထုတ်ပြန်သွားမည်ဖြစ်ပြီး လူဝင်မှုနှင့် နိုင်ငံသားဖြစ်ခွင့် ပေးမှုကိစ္စရပ်များကို ပြန်လည်စိစစ် သုံးသပ်သွားမည်ဟု ပြောကြားခဲ့သည်။
ထို့ပြင် မိမိတို့နိုင်ငံအား စိတ်ပျက်ဖွယ် ကျူးကျော်ဝင်ရောက်နေမှုကို တွန်းလှန်ရန် တောင်ပိုင်းနယ်စပ်သို့ စစ်သားများ စေလွှတ်သွားမည်ဟုလည်း ထရမ့်က ပြောသည်။
ရွှေ့ပြောင်းနေထိုင်သူများကို တိုက်ဖျက်သွားမည်ဆိုသည့် မဲဆွယ်ကတိဖြင့် လူကြိုက်များခဲ့သော ထရမ့်သည် အမေရိကန်တွင် ရာစုနှစ်နှင့်ချီ အမြစ်တွယ်လာခဲ့သည့် နိုင်ငံသားဖြစ်ခွင့် ပေးသည့်စနစ်ကိုလည်း အဆုံးသတ်ရန် ရည်ရွယ်ခဲ့သည်။
ယခင်က အမေရိကန်နိုင်ငံအတွင်း မွေးဖွားခဲ့သည့် လူတိုင်းသည် အလိုအလျောက် အမေရိကန်နိုင်ငံသား ဖြစ်ခွင့် ရှိသော်လည်း ထရမ့်က ထိုစနစ်ကို အဆုံးသတ်ရန် စီစဉ်နေခြင်းဖြစ်သည်။
ဒေါ်နယ်ထရမ့်ကို တွေ့ရစဉ်
ဗဟိုအစိုးရအနေဖြင့် အမေရိကန်အတွင်းသို့ တရားမဝင် ဝင်ရောက်လာသူများက မွေးဖွားခဲ့သည့် ကလေးများကို အလိုအလျောက် အမေရိကန်နိုင်ငံသား ဖြစ်ခွင့်ပြုသည့်စနစ်ကို အသိအမှတ်ပြုမည် မဟုတ်ကြောင်း အိမ်ဖြူတော် သတင်းပြန်ကြားရေးအရာရှိ အန်နာကယ်လီက သတင်းထောက်များကို ပြောကြားခဲ့သည်။
ထို့ပြင် အစိုးရအဖွဲ့သည် ထရမ့်၏ ပထမသက်တမ်းအတွင်း ကျင့်သုံးခဲ့သည့် “မက္ကဆီကိုမှာပဲ ဆက်နေ”(Remain in Mexico) ဆိုသည့် မူဝါဒကို ပြန်လည်ကျင့်သုံးမည်ဟု ကယ်လီက ပြောကြားခဲ့သည်။
ထိုမူဝါဒအရ မက္ကဆီကို နယ်စပ်မှတဆင့် အမေရိကန်သို့ ဝင်ရောက်ရန် လျှောက်ထားသူများ၏ လျှောက်လွှာများ ကို မဆုံးဖြတ်ခင် အချိန်အထိ ပြည်ဝင်ခွင့်ရရှိမည် မဟုတ်ဘဲ မက္ကဆီကိုနယ်စပ်မှာပင် ဆက်လက်နေထိုင်ရမည် ဖြစ်သည်။
Source: ဘန်ကောက်ပို့စ်