CNI International News

တီဟီရန်၊ အောက်တိုဘာ ၂

အမေရိကန်က လာမည့် သီတင်းပတ်များတွင် ရာနှင့်ချီသည့် အီရန် ရွှေ့ပြောင်း နေထိုင်သူများကို နေရပ်သို့ ပြန်ပို့သွားမည်ဟု အေပီမှ ဖော်ပြခဲ့သည်။

လာမည့် ရက်ပိုင်း သို့မဟုတ် လာမည့် နှစ်ရက်အကြာတွင် ပထမဆုံး အနေဖြင့် ရွှေ့ပြောင်း ၁၂၀ ကို နေရပ် ပြန်ပို့ရန်အတွက် လေကြောင်းခရီးစဉ်တစ်ခု ပြင်ဆင်ထားကြောင်း အီရန်က စက်တင်ဘာ ၃၀ ရက်၌ ပြောကြား ခဲ့သည်။

ဇွန်လက အီရန် နျူကလီးယား နေရာများကို အမေရိကန်မှ ဗုံးကြဲခဲ့ပြီးနောက် နှစ်နိုင်ငံကြား တင်းမာမှု မြင့်တက်နေချိန်တွင် အီရန်ရွှေ့ပြောင်းများအား နေရပ်သို့ ပြန်ပို့ရန် စီစဉ်နေခြင်းဖြစ်သည်။

“အမေရိကန် အစိုးရအနေနဲ့ သမ္မတထရမ့်ရဲ့ အမေရိကန်သမိုင်းမှာ တရားမဝင် ရွှေ့ပြောင်းတွေကို အစုလိုက် နေရပ် ပြန်ပို့မယ်ဆိုတဲ့ ကတိကဝတ် ပြည့်မီစေဖို့ တတ်နိုင်သမျှ နည်းလမ်းအားလုံးကို သုံးပြီး လုပ်ဆောင်နေ ပါတယ်”ဟု အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူ အဘီဂေးလ်ဂျက်ဆန်(Abigail Jackson)က ပြောကြားခဲ့သည်။

အီရန်နိုင်ငံအခြေပြ မြေပုံကိုတွေ့ရစဉ်

အမေရိကန်သည် အီရန်အား ၎င်း၏ နျူကလီးယား စီမံကိန်းအတွက် လွန်ခဲ့သည့် သီတင်းပတ်က အရေးယူပိတ်ဆို့ မှု ပြန်လည်ချမှတ်ခဲ့သည်။

အီရန်နိုင်ငံပိုင် ရုပ်သံတွင် ဖော်ပြချက်အရ အမေရိကန်နှင့် သဘောတူညီချက် အောက်တွင် အီရန်နိုင်ငံသား ၄၀၀ အထိ နေရပ်ပြန်ပို့သွားမည်ဟု ဆိုသည်။

၎င်းတို့ထဲမှ အများစုသည် မက္ကဆီကိုကို ဖြတ်ပြီး အမေရိကန်သို့ တရားမဝင် ဝင်ရောက်လာကြသူများဖြစ်ကာ အချို့မှာမူ ကွဲပြားခြားနားသော လူဝင်မှုကြီးကြပ်ရေး ပြဿနာများရှိကြောင်း အီရန်နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူ ဟော့စိန်နော်ရှာဘာဒီ(Hossein Noushabadi)က ပြောကြားခဲ့သည်။

ပထမဆုံး အသုတ်သည် လာမည့်တစ်ရက် သို့မဟုတ် နှစ်ရက်အကြာတွင် ထွက်ခွာမည်ဖြစ်ပြီး ကာတာ၌ ခရီး တစ်ထောက်နားမည်ဟု နော်ရှာဘာဒီက ပြောကြားခဲ့သော်လည်း ကာတာကမူ ထိုသတင်းကို အတည်ပြုထား ခြင်းမရှိပေ။

၁၉၇၉ ခုနှစ် အစ္စလာမ်မစ် တော်လှန်ရေးပြီးနောက် အီရန်နိုင်ငံသား အများအပြား အမေရိကန်သို့ ထွက်ပြေးခဲ့ ကြသည်။

Source: အေပီ