CNI News

၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၂၁

မြန်မာနိုင်ငံ အနေအထားအရ ဖက်ဒရယ်စနစ်သို့ သွားမည်ဆိုပါက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေသည် နောက်ဆုတ်ပေးမှ ရမည်ဖြစ်ကြောင်း စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များက CNI သတင်းဌာနသို့ ပြောသည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေထဲတွင် ဖက်ဒရယ်မူနှင့် ဆန့်ကျင်မှုများ အများအပြား ရှိနေသည့်အပြင် ဖက်ဒရယ် နိုင်ငံများ၏ အမျိုးသားနိုင်ငံရေးတွင် စစ်တပ် ပါဝင်နေခြင်း မရှိကြောင်း NCA ထိုးထားသည့် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO-NCA/S)မှ ဥက္ကဋ္ဌ ဗိုလ်မှူးကြီးခွန်ဥက္ကာက CNI သတင်းဌာနသို့ ပြောသည်။

ထို့ကြောင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဖြင့် ဖက်ဒရယ်စနစ်ကို သွား၍မရကြောင်း ၎င်းက ပြောသည်။

ဗိုလ်မှူးကြီးခွန်ဥက္ကာက “၂၀၀၈ ကတော့ ဖက်ဒရယ်သွားလို့ မရပါဘူး။ ၂၀၀၈ နဲ့တော့ ဖက်ဒရယ်သွားလို့မရဘူး။ ဖက်ဒရယ်ကို သွားဖို့အတွက် တံတားခင်းပေးတာပဲ။ ဖက်ဒရယ်ဖွဲ့စည်းပုံကို စဆွေးနွေးတော့မယ်ဆိုရင် ၂၀၀၈ ကတော့ ချန်ထားရမှာပဲ။ ဖွဲ့စည်းပုံမူကြမ်းရပြီဆိုရင် ၂၀၀၈ ကတော့ ရုတ်သိမ်းရမှာပဲ။ ဖက်ဒရယ်စကား ပြောလာ ရင် ၂၀၀၈ ကတော့ နောက်တန်းကို ရွှေ့ပေးရမယ့် သဘောရှိပါတယ်။ ၂၀၀၈ ကိုတည်ပြီးတော့ ဗဟိုပြုပြီးတော့ ဖက်ဒရယ်ဆိုရင်တော့ မဖြစ်နိုင်ပါဘူး။ ဒါကြောင့် ဖက်ဒရယ်မှာ တပ်ရဲ့ ပါဝါ၊ အာဏာ ဘာမှမရှိပါဘူး။ နိုင်ငံရေးမှာ အမျိုးသားနိုင်ငံရေးမှာ တပ်ကပါရမယ်ဆိုတာ ဘယ်တိုင်းပြည်ရဲ့ ဖက်ဒရယ်မှာမှ မရှိပါဘူး။ အဲဒီလိုပုံစံမျိုးတွေ၊ မူဝါဒကြီးတွေ လုံးဝ ဖက်ဒရယ်မူနဲ့ ဆန့်ကျင်နေတာတွေက ၂၀၀၈ ထဲမှာ အများအပြား ရှိပါတယ်။ အဲဒါကြောင့် ဒါတွေကိုကြည့်လိုက်ရင် ဒီဖက်ဒရယ်ကို ၂၀၀၈ ကနေ သွားမယ်ဆိုတာတော့ မဖြစ်ပါဘူး။ ၂၀၀၈ က နောက်ဆုတ် ပေးလိုက်မှ ဖက်ဒရယ်က လမ်းပွင့်မှာဖြစ်ပါတယ်” ဟု ပြောသည်။

 ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကိုဖတ်နေစဉ်

သို့သော် မြန်မာနိုင်ငံတွင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအား နောက်ဆုတ်ပေးရန်မှာ စစ်ရေးနှင့် နိုင်ငံရေး ညှိနှိုင်းမှု အပေါ်တွင်သာ မူတည်ကြောင်းလည်း သုံးသပ်ကြသည်။

မြန်မာနိုင်ငံတွင် ဖက်ဒရယ်စနစ်သည် အားလုံးလိုချင်နေသည့် လမ်းကြောင်းဖြစ်၍ မလွယ်ကူသော်လည်း မခက်ခဲကြောင်း၊ အဓိကမှာ အမှန်တကယ်သွားလိုသည့် ဆန္ဒရှိကြရန်သာလိုကြောင်း စစ်ရေးနှင့်နိုင်ငံရေး အကဲခတ်များက သုံးသပ်ကြသည်။

စားပွဲဝိုင်းပေါ်တွင် ဆွေးနွေးအဖြေရှာခြင်းသည် အချိန်ကာလ ကြာနိုင်သည်ကို စောင့်ဆိုင်းနိုင်ကြောင်း၊ မတိုက်ခိုက်ခြင်းကသာ ပို၍ကိစ္စရှိကြောင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပါဝင်လုပ်ဆောင်နေသူ ဦးခွန်းဆိုင်က CNI သတင်းဌာနသို့ ပြောသည်။

ဦးခွန်းဆိုင်က “အခုက ရိုးရိုးကြည့်ရင်တော့ မလွယ်ဘူးပေါ့။ ဘာလို့ဆို တစ်ဖက်ကလည်း ၂၀၀၈ ဟာ ဖက်ဒရယ် စနစ်ဖြစ်တယ်။ ဒါကိုနည်းနည်း ပိုပြီးတော့ ပီသလာအောင် ပြုပြင်ပြောင်းလဲဖို့တော့ လိုတယ်ဆိုပြီး ရပ်တည်ထား တယ်။ နောက်တစ်ဖက်ကလည်း သူက အဲဒီလိုမျိုး ရပ်တည်တဲ့ အခါကြတော့ တောင်းဆိုတဲ့ ဟာတွေကလည်း ပိုများလာတယ်။ ကြာလာတဲ့အခါကြ‌‌တော့ ဖက်ဒရယ်တင်မကဘူး။ ကွန်ဖက်ဒရေးရှင်းတို့၊ တိုင်းပြည်ကတော့ တစ်ခုတည်း စနစ် ၂ ခုတို့ စသည်ဖြင့် ဖြစ်လာတဲ့အခါ ဒီဥစ္စာကတော့ ဘယ်နည်းနဲ့မဆို ဆွေးနွေးယူရမှာပေါ့။ ဒါပေမယ့် ဆွေးနွေးခြင်းက ကိစ္စမရှိပါဘူး။ မတိုက်ခြင်းက ပိုပြီးတော့မှ ကိစ္စရှိပါတယ်” ဟု ပြောသည်။

တိုင်းရင်းသားလက်နက်ကိုင်နဲ့ တပ်မတော် ခေါင်းဆောင်များကိုတွေ့ရစဉ်

လက်ရှိ မြန်မာနိုင်ငံတွင် တိုင်းရင်းသား လက်နက်ကိုင်များနှင့် နိုင်ငံရေးပါတီများက ဖက်ဒရယ် တောင်းဆိုသူ များရှိကြသလို ကွန်ဖက်ဒရေးရှင်းကို တောင်းဆိုသူများ ရှိကြကြောင်း၊ တချို့က တစ်ပြည်ထောင်စုစနစ်ကို သွားလိုကြကြောင်း၊ တချို့က ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖျက်သိမ်းလိုကြကြောင်း စသဖြင့် ကွဲပြား ခြားနားလျက်ရှိသည်။

ဖက်ဒရယ်ပြည်ထောင်စု စနစ်ဆိုသည်မှာ တိုင်းရင်းသားလူမျိုးစုများနှင့် တိုင်းရင်းသား ပြည်သူ့ကိုယ်စားလှယ်များ အတူတကွ စုပေါင်းဖွဲ့စည်းသည့် နိုင်ငံရေးအုပ်ချုပ်ပုံ နည်းစနစ်တစ်မျိုးဖြစ်သည်။ 

ဖက်ဒရယ်ပြည်ထောင်စု စနစ်ဆိုသည့် အသုံးအနှုန်းကို ပြည်ထောင်စုနိုင်ငံ တစ်နိုင်ငံ၏ အချုပ်အခြာအာဏာကို ပြည်ထောင်စုအစိုးရနှင့် ဖွဲ့စည်းပုံပါ တိုင်း၊ ဒေသ၊ ပြည်နယ်၊ စီရင်စု အစိုးရများအကြား ဖွဲ့စည်းပုံအရ လက်တွေ့ ခွဲဝေကျင့်သုံးသည့် အစိုးရအုပ်ချုပ်ရေးယန္တရားစနစ်ကို ရည်ညွှန်းဖော်ပြရန် အသုံးပြုလေ့ရှိကြသည်။