CNI News
၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၁၇
မြန်မာနိုင်ငံ၊ ပဲခူးတိုင်းဒေသကြီးအတွင်း တိုက်ပွဲဖြစ်ပွားနေသည့် KNLA-PDF ပူးပေါင်းတပ်များသည် စစ်တောင်း မြစ် အနောက်ဘက်ခြမ်းမှ စိမ့်ဝင်ကာ အမြန်လမ်းပေါ်သို့ တက်လာနိုင်ကြောင်း စည်းလုံးညီညွတ်သော တိုင်းရင်းသား လူမျိုးများမဟာမိတ် (UNA) မှ ပြောရေးဆိုခွင့်ရှိသူ ဦးမျိုးကျော်က CNI သတင်းဌာနသို့ ပြောသည်။
ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ကျောက်ကြီး၊ ကျောက်တံခါး၊ ဖြူး၊ ညောင်လေးပင် စသည့် မြို့နယ်များအတွင်းရှိ မြန်မာ့တပ်မတော်၏ ဂိတ်စခန်းများနှင့် ကာကင်းစခန်းများအား ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နှင့် PDF များက တပြိုင်တည်း ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၁၆ ရက်နေ့တွင် ကရင်အမျိုးသားအစည်းအရုံး(KNU) သတင်းပြန်ကြားရေးဌာနက ထုတ်ပြန်ခဲ့သည်။
KNLA-PDF ပူးပေါင်းတပ်များသည် အမြန်လမ်းပေါ်သို့ ရောက်လာနိုင်ပြီး အမြန်လမ်းအား သိမ်းဆည်းနိုင်ပါက နေပြည်တော်၊ ရန်ကုန် စသည့် မြို့ကြီးများအား ဖြတ်တောက်၍ ရသွားနိုင်ကြောင်း စည်းလုံးညီညွတ်သော တိုင်းရင်းသား လူမျိုးများမဟာမိတ် (UNA) မှ ပြောရေးဆိုခွင့်ရှိသူ ဦးမျိုးကျော်က CNI သတင်းဌာနသို့ ပြောသည်။
မြန်မာ့တပ်မတော်ကို တိုက်ခိုက်နေတဲ့ ကော်ဘရာစစ်ကြောင်းမှူးကို တွေ့ရစဉ်
ဦးမျိုးကျော်က “ပြောရမယ်ဆိုရင်တော့ ပဲခူးတိုင်းထဲမှာဆိုရင် စစ်တောင်းမြစ်ရဲ့ အနောက်ခြမ်းပေါ့ဗျာ၊ နဂို လမ်းဟောင်းဘက်ကိုတော့ နဂိုကတည်းက စိမ့်ဝင်နေတဲ့ ဟာမျိုးတွေတော့ သတင်းလေးတွေ ကြားတယ်ပေါ့လေ၊ ဆိုတော့ အဲဒီကနေ ဆိုရင်တော့ အမြန်လမ်းကို တက်ရမှာပေါ့ဗျာ၊ လမ်းသစ်ဘက်က ပိုပြီးတော့ ခရီးပေါက်တာ ကိုး၊ ဒါလေးတွေတော့ ရှိလာမယ်၊ နောက် ဒီအမြန်လမ်းကိုသာ သိမ်းဆည်းနိုင်သွားမယ်ဆိုရင်တော့ နေပြည်တော်၊ ရန်ကုန်ဆိုတဲ့ ဟာမျိုးတွေ ဖြတ်တောက်လို့ ရသွားနိုင်တယ်၊ အဲဒါလေးလည်း တစ်ချက်အရေးပါတယ်၊ ကျောက်တံခါးတို့ အဲဒီညောင်လေးပင်တို့ ဆိုတဲ့ဟာက မူလကတည်းကကိုက မကြာမကြာလည်း အဲလို ကျည် ဖောက်တဲ့ဟာ ရှိတယ်၊ ကျောက်ကြီး ဆိုတာကတော့ ပိုဆိုးတာပေါ့ဗျာ၊ ကျောက်ကြီးကတော့ တော်လှန်ရေး အင်အားစုတွေက အဲဒီပတ်ချာလည် ဝိုင်းပြီး အခိုင်အမာ (တပ်)စွဲလေ့ရှိတော့လေ၊ ကျောက်ကြီး ဒီဘက်ကိုလာရင် နတ်သံကွင်းတို့ ဘာတို့ဆိုတဲ့ဟာကလေ တော်လှန်ရေးအင်အားစုတွေက အဲဒီဘက်မှာကတော့ အားကြီးတယ်၊ တော်တော်များများကလည်း ၂၀၂၅ မှာ ဒီဖက်မှာရှိတဲ့ တော်လှန်ရေးအင်အားစုတွေက ပြည်မကို ထိုးဖောက်မယ် ဆိုတဲ့ အသံတွေလည်း ထွက်တယ်လေ၊ အဲဒီဟာတွေရဲ့ လုပ်ငန်းကို လက်တွေ့ အကောင်အထည် ဖော်တာလို့ပဲ ကျနော်ကတော့ အဲလိုမြင်ပါတယ်” ဟု ပြောသည်။
မြန်မာ့တပ်မတော်၏ ခမရ(၅၆၀) လက်အောက်ခံ နရွဲပင်တပ်စခန်း၊ တောဝိရွာနှင့် ထိန်တပင်ကြားရှိ တပ်စခန်းနှင့် ကျွန်းကုန်းကျေးရွာတွင် တပ်စွဲထားသည့် တပ်စခန်းများအား ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၁၅ ရက်နေ့တွင် ဝင်ရောက် တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း KNU ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
KNLA နဲ့မဟာမိတ်တွေကိုတွေ့ရစဉ်
မြန်မာ့တပ်မတော်၏ စခန်းငယ်လေးများအား တိုက်နိုင်သည့်အတွက် တော်လှန်ရေးဘက်တွင် စိတ်ဓာတ်တက်ကြွ နိုင်သော်လည်း စစ်ဆင်ရေး အကြီးစားများလုပ်ရန် အချိန်လိုအပ်သေးကြောင်း NCA ထိုးထားသည့် ပအိုဝ်း အမျိုးသားလွတ်မြောက်ရေးအ ဖွဲ့ချုပ် (PNLO- NCA/S) မှ ဥက္ကဋ္ဌ ဗိုလ်မှူးကြီး ခွန်ဥက္ကာက CNI သတင်းဌာနသို့ ပြောသည်။
ဗိုလ်မှူးကြီးခွန်ဥက္ကာက “မူလအားဖြင့် ကြည့်ရင်တော့ ကြည်းတပ်ပေါ့လေ၊ မြေပြင်တပ်တွေ အားနည်းနေတဲ့ အချိန် ဖြစ်နေတယ်၊ SAC ဘက်က မြေပြင်တပ်တွေ အားနည်းနေတဲ့ အချိန်မှာ ပြင်ဆင်မှု ကောင်းကောင်းနဲ့ဆိုရင် ကာကင်းတို့ စခန်းအကင်းလေးတွေက တိုက်ရခိုက်ရ ပိုပြီးတော့ လွယ်မယ့်စခန်းတွေ ဖြစ်လာနိုင်တာပေါ့၊ နောက်ပြီးတော့ အလစ်အငိုက်ပေါ့ဗျာ၊ စစ်ရေးမှာ အလစ်အငိုက်က အရေးကြီးတော့ အလစ်အငိုက် အတိုက်ခံကြ ရတာနဲ့ တူပါတယ်၊ အဲဒီစခန်းငယ်လေးတွေ တိုက်တဲ့အတွက် စိတ်ဓာတ်အရတော့ ဒီတော်လှန်ရေးဘက်က တက်စရာရှိပေမယ့် စီမံချက်ချပြီးတော့ စစ်ဆင်ရေး အကြီးစားတွေပေါ့ဗျာ၊ မြောက်ပိုင်းကလုပ်သလို AA က လုပ်သလို မြို့သိမ်း၊ လမ်းသိမ်း၊ စခန်းသိမ်း အကြီးစားတွေပေါ့၊ အဲဒါမျိုးကတော့ နည်းနည်း လိုဦးမယ်လို့ ထင်ပါ တယ်” ဟု ပြောသည်။
လက်ရှိတွင် ကရင်ပြည်နယ်နှင့် ပဲခူးတိုင်းဒေသကြီးတွင် တိုက်ပွဲရှောင် ၁ သန်းကျော်ရှိပြီး လူသားချင်းစာနာမှု အကူအညီ လိုအပ်နေကြောင်း ကရင်ငြိမ်းချမ်းရေး အထောက်အကူပြုကွန်ရက် (KPSN) က ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၂၈ ရက်၌ ထုတ်ပြန်ခဲ့သည်။