CNI News

၂၀၂၃ ခုနှစ်၊ ဩဂုတ် ၁၆

နေပြည်တော်ကောင်စီနယ်မြေ အနီးတစ်ဝိုက်တွင် တိုက်ပွဲများ ဖြစ်ပွားလာခဲ့ပြီးနောက် နေပြည်တော်မှာ လုံခြုံရေး စိုးရိမ်နေရပြီလားဆိုပြီး စစ်ရေးနှင့်နိုင်ငံရေး လေ့လာသူများက သုံးသပ် ဆွေးနွေးမှုများ ရှိနေသည်။

ပြီးခဲ့သည့် ဩဂုတ် ၁၁ ရက်နေ့မှ ၁၃ ရက်နေ့အထိ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်တစ်ဝိုက် ကျေးရွာများအပြင် ဘိုမသံတောင် တပ်မတော်စခန်းကို ပြည်သူ့ကာကွယ်ရေးတပ် (PDF) တို့မှ တိုက်ခိုက်ခဲ့ကြောင်း သတင်းများ ထွက်လာခဲ့သည်။

နေပြည်တော်တွင် တိုက်ပွဲများ ပြင်းထန်လာနိုင်ခြေ နည်းပါးကြောင်း၊ သို့သော်လည်း အပြင်းထန်ဆုံး တိုက်ပွဲများ မှာ ရန်ကုန်မြို့တွင် ဖြစ်လာနိုင်ကြောင်း မြန်မာ့နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသိန်းစိုးနိုင်က CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “အဲဒီလို အနေအထားတော့ မရောက်သေးပါဘူး။ ဒါပေမဲ့ လူတွေ ထင်နေကြသလို နေပြည်တော်ဟာ စစ်ကောင်စီရဲ့ အရာရှိကြီးတွေ နေထိုင်တဲ့ နေရာဖြစ်တဲ့အတွက် တိုက်ပွဲ အပြင်းအထန် တော်တော်လေးကို ဆိုးဆိုး ဝါးဝါး ပြင်းထန်တဲ့ တိုက်ပွဲတွေ ဖြစ်လိမ့်မယ်လို့ မျှော်လင့်နေကြတာပေါ့ဗျာ၊ ဒါပေမဲ့ ကျနော်တို့ တွေ့ရတဲ့ နိုင်ငံ တကာ အတွေ့အကြုံတွေအရတော့ နေပြည်တော်လို အချက်အချာကြတဲ့ စစ်အာဏာရှင်တွေနေတဲ့ နေရာတွေ ဟာ နောက်ဆုံးတိုက်ပွဲ ဖြစ်လေ့မရှိပါဘူး” ဟု ပြောသည်။

ရန်ကုန်-နေပြည်တော်သွားလမ်းကိုတွေ့ရစဉ်

NUG ၏ ကာကွယ်ရေးဝန်ကြီးဌာနအောက်ရှိ တောင်ပိုင်းတိုင်း စစ်ဒေသခွဲက “လမ်းများအားလုံး နေပြည်တော်သို့” စစ်ဆင်ရေး အစိတ်အပိုင်းအဖြစ် ပဲခူးတိုင်းနှင့် မွန်ပြည်နယ်အတွင်းရှိ လမ်းများ သွားလာခွင့် ကန့်သတ်ကြောင်း ဇူလိုင်လ ၁ ရက်နေ့တွင်  ထုတ်ပြန်သည်။

နေပြည်တော်နှင့် အနီးတစ်ဝိုက် မိမိတို့ စစ်ဒေသခွဲများ တည်ဆောက်မှုမှာ ပြီးစီးသွားပြီဖြစ်ကြောင်း၊ နစက အခြေ စိုက်ရာ နေပြည်တော်တွင်လည်း မလုံခြုံမှုများ ရှိနေပြီဖြစ်ကြောင်း နေပြည်တော် PDF မှ တပ်ရင်းမှူး ရဲဘော် ရာကျော်က နွေဦးအသံသတင်းဌာနသို့ ပြောကြားထားသည်။

နေပြည်တော်လုံခြုံရေးဆောင်ရွက်နေသူများကိုတွေ့ရစဉ် (ဖရွန်တီးယား)

၎င်းက “နေပြည်‌တော်ရဲ့ အနောက်ဘက်ခြမ်းမှာဆိုရင် တောင်တွင်းမြို့သစ်၊ နတ်မောက်ပေါ့နော်၊ ကျ‌နော်တို့တွေ မြောက်ဖက်ခြမ်းမှာဆိုရင် မိတ္ထီလာ၊ ပျော်ဘွယ်၊ ပြီးလို့ရှိရင် အရှေ့ဖက်မှာဆိုလို့ရှိရင် တပ်ကုန်း၊ ရမည်းသင်းပေါ့ နော်၊ အဲဒီလိုပဲ ကျနော်တို့ နေပြည်တော်ရဲ့ အနီးတစ်ဝိုက် နေပြည်တော်နဲ့ထိစပ် အနီးတစ်ဝိုက်က ဧရိယာတွေကို စုဖွဲ့ပြီးတော့ ကျနော်တို့က နေပြည်တော် စစ်ဒေသခွဲဆိုပြီးတော့ စစ်ဒေသခွဲတစ်ခု ဖြစ်လာအောင် လက်ရှိအချိန်ထိ ကျနော်တို့တွေ ရပ်တည်လာနိုင်အောင်ပေါ့နော် ကြိုးစားဆောင်ရွက်ခဲ့ကြရတယ်” ဟု ပြောသည်။

လက်ရှိ လက်နက်ကိုင်ပဋိပက္ခ ဖြစ်ပွားနေသော အဖွဲ့အစည်းများမှာ ဝါဒဖြန့်ချီရေးကို ပိုမို လုပ်ဆောင်နေကြ ကြောင်း၊ အဆုံးအဖြတ်တိုက်ပွဲများ မဖြစ်လာနိုင်သေးကြောင်း တိုင်းရင်းသားလက်နက်ကိုင် ခေါင်းဆောင်တစ်ဦး ဖြစ်သူ ဗိုလ်မှူးကြီးခွန်ဥက္ကာက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “ကျနော် အဲဒီကိစ္စတော့ မဝေဖန်ချင်ဘူးဗျ၊ ကျနော်က တောတွင်းစစ်ရေးမှာ နှစ် ၄၀ လောက် ကျနော် တော်လှန်ရေးမှာ ထဲထဲဝင်ဝင်ပါဖူးပါတယ်။ တပ်ပေါင်းစုနဲ့လည်း တိုက်ပွဲဝင်ဖူးတယ်၊ တစ်ဖွဲ့ချင်းနဲလည်း တိုက်ပွဲ ဝင်ဖူးတယ်၊ မြောက်ပိုင်းတပ်ပေါင်းစု၊ တောင်ပိုင်းတပ်ပေါင်းစု အလယ်တပ်ပေါင်းစု အမျိုးမျိုး ကျနော်တို့ ကြိုးစား ကြည့်ပါတယ်။ ကြိုးစားခဲ့ဖူးပါတယ်။ အခုပြင်ဆင်မှုတွေကတော့ ကျနော် အပေါ်ယံကြည့်ရင်တော့ ဂျိမ်းစဘွန်းလို လို၊ ရမ်ဘိုလိုလို ပုံစံတွေများပါတယ်၊ တကယ်စစ်ဆင်ရေးနဲ့ မတူပါဘူး။ နောက်ပြီးတော့ ဝါဒဖြန့်ချီရေးကို ပိုသုံးကြ တာ တွေ့ရပါတယ်။ တကယ့်လက်တွေ့ အကွက်ချတာထက်စာရင် ဝါဒဖြန့်ချီဖို့ ကြိုးစားတာကို တွေ့ရတယ်၊ တွေ့ ရတော့ အဆုံးအဖြတ်တော့ မဖြစ်နိုင်သေးပါဘူး။ တော်တော်လေး လိုပါသေးတယ်လို့ ထင်ပါတယ်ဗျ” ဟု ပြော သည်။

လက်ရှိတွင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းအချို့ ၊ PDF ပူးပေါင်းတပ်ဖွဲ့များနှင့် မြန်မာ့တပ်မတော် တို့အကြား ကရင်ပြည်နယ်၊ ကယား (ကရင်နီ) ပြည်နယ်၊ ချင်းပြည်နယ်၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်း ဒေသကြီးတို့တွင် တိုက်ပွဲများ ဖြစ်ပွားလျက်ရှိသည်။