CNI News
၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၆
နိုင်ငံရေးပါတီကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်များ အနေဖြင့် နိုင်ငံခြား အဖွဲ့အစည်းများနှင့် တွေ့ဆုံမည့် ကိစ္စရပ်များနှင့် စပ်လျဥ်း၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)သို့ အကြောင်း ကြားရမည်ဟု သိရသည်။
မြန်မာနိုင်ငံအတွင်းရှိ မှတ်ပုံတင်ထားသော နိုင်ငံရေးပါတီများအနေဖြင့် နိုင်ငံခြား အဖွဲ့အစည်းများနှင့် တွေ့ဆုံမည်ဆိုပါက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)သို့ အကြောင်းကြားရမည်ဟု နိုင်ငံရေး ပါတီများသို့ UEC က ၂၀၂၂ ခုနှစ်၊ သြဂုတ် ၁၁ ရက်တွင် စာပို့အကြောင်းကြားထားသည်။
ထို့နောက် ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၁ ရက်တွင် လွှတ်တော်ကိုယ်စားလှယ်များကိုလည်း နိုင်ငံခြား အဖွဲ့ အစည်းများနှင့် တွေ့ဆုံမည်ဆိုလျှင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC) သို့ အကြောင်းကြား ရမည်ဖြစ်ကြောင်း အမိန့်ထုတ်ပြန်ခဲ့သည်။

လွှတ်တော်အမတ်များ နိုင်ငံခြားအဖွဲ့အစည်းများနှင့် တွေ့ဆုံလျှင် အသိပေးဖို့ စာထုတ်ပြန်ထားစဉ်
လွှတ်တော်ကိုယ်စားလှယ်များ အနေဖြင့် နိုင်ငံခြား အဖွဲ့အစည်းများ၊ သံတမန်များနှင့် တွေ့ဆုံလျှင် တင်ပြရမည်ဆိုခြင်းသည် ပုံမှန်ဆိုသော်လည်း လူပုဂ္ဂိုလ် တစ်ဦးချင်း တွေ့ဆုံသည့်အခါတွင် တင်ပြရမည် ဆိုခြင်းသည် လွှတ်တော်အမတ်များ၏ တစ်ကိုယ်ရည် လွတ်လပ်ခွင့်အား တင်းကြပ်သည့်သဘော ဖြစ်နေ သည်ဟု ပြည်သူ့ရှေ့ဆောင်ပါတီ(PPP)မှ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်မင်း ထက်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “တစ်ခုတော့ ရှိတာပေါ့နော်။ စာထုတ်တဲ့ အခါမှာတော့ သဘောတရားရှိတာက အဖွဲ့အစည်းတွေ သံတမန်တွေက ပြဿနာမဟုတ်ဘူး။ ဒါပေမယ့် လူပုဂ္ဂိုလ်များနဲ့ တွေ့ဆုံတဲ့ အခါမှာဆိုတဲ့ ဟာမျိုးကျ တော့ ကျနော်တို့ ကိုယ်စားလှယ်တွေရဲ့ တစ်ကိုယ်ရည် လွတ်လပ်ခွင့်ပေါ့။ တစ်ကိုယ်ရည် လွတ်လပ်ခွင့် ဆိုတာက ကောင်းမွန်သော ကိစ္စတွေပါ။ သူတို့ကတော့ နိုင်ငံတကာနဲ့ ဆက်နွယ်ပြီးတော့ သူတို့ အဆင် မပြေတဲ့ နိုင်ငံတွေနဲ့ ဆက်နွယ်ပြီးတော့ ကိုယ်စားလှယ်တွေ အနေနဲ့လည်း ညှိနှိုင်းတာတွေ အထောက် အပံ့ ယူတာတွေ ဘာတွေ စသဖြင့် ဒါတွေလုပ်မှာကို ကြောက်တယ်နဲ့တူပါတယ် သူတို့ကလေ။ ဒါပေမယ့် တစ်ခုရှိတာက အခုအချိန်ကလည်း နိုင်ငံတကာနဲ့ စီးပွားရေး လုပ်နေရတဲ့ အချိန်ဖြစ်တဲ့အခါမှာ ကိုယ်စား လှယ်တွေဆိုတာ တစ်ချိန်တုန်းက စီးပွားရေး လုပ်ငန်းရှင်တွေ ပါကြတာပေါ့နော်။ စီးပွားရေးလုပ်ငန်းရှင် တွေ အနေနဲ့ သူတို့စီးပွားရေး ကိစ္စတွေနဲ့ ပတ်သက်ပြီးတော့ ပုံမှန်တွေ့ဆုံနေရတဲ့ လုပ်ငန်းကိစ္စတွေနဲ့ တွေ့ဆုံနေရတဲ့ နိုင်ငံခြားသားတွေနဲ့ တွေ့ဆုံတဲ့ဟာကိုရော တင်ရမှာလားဆိုတဲ့ မေးခွန်းကဝောာ့ ဟိုဟာ ဖြစ်တာပေါ့နော်။ လူပုဂ္ဂိုလ်ဆိုတဲ့ ဟာကြီးကျတော့ နည်းနည်းလေးတော့ ဆိုးတာပေါ့”ဟု ပြောသည်။
ထို့နောက် လွှတ်တော်ကိုယ်စားလှယ်များအား နိုင်ငံခြား အဖွဲ့အစည်းများနှင့် လွတ်လပ်စွာ တွေ့ဆုံခွင့် မရခြင်းက ဒီမိုကရေစီနိုင်ငံကို တည်ဆောက်မည့် အနေအထားမှာ မဖြစ်သင့်ကြောင်း ဦးကျော်မင်းထက် က ဆက်ပြောသည်။
၎င်းက “နိုင်ငံတကာ သံတမန်တွေ၊ အစိုးရအဖွဲ့ မဟုတ်သော အရပ်ဘက် အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံတဲ့ အခါမှာ တင်ရမယ်ဆိုတာက သိပ်ပြဿနာ မဟုတ်ပေမယ့် လူပုဂ္ဂိုလ်များနဲ့ တွေ့ဆုံတဲ့အခါမှာ တင်ရမယ် ဆိုတဲ့ဟာကျတော့ နည်းနည်းလေးတော့ တင်းကြပ်သလိုတော့ ဖြစ်တာပေါ့။ သတင်း ပို့ရုံလောက်တော့ ပြဿနာမဟုတ်ဘူး။ ဒါပေမယ့် ခွင့်မပြုတဲ့ ကိစ္စတွေ ဖြစ်လာရင်တော့ ပြဿနာကြီးနိုင်တာပေါ့ သတင်းပို့ မယ်၊ သတင်းပို့ပြီးတော့ သွားတွေ့တယ်ဆိုရင်တော့ ပြဿနာမဟုတ်ပါဘူး။ ကိုယ်စားလှယ်ကနေ ပြီး တော့မှ တင်ပြတဲ့ဟာပေါ်မှာ ခွင့်မပြုတဲ့ ကိစ္စမျိုးတွေ ဖြစ်လာရင်တော့ ဒီမိုကရေစီနိုင်ငံမှာ ဒါမျိုးက ဖြစ်သင့်ရဲ့လားဆိုတဲ့ မေးခွန်းကတော့ ဖြစ်လာမှာပေါ့နော်” ဟု ပြောသည်။
ပုဂ္ဂိုလ်ရေးအရ တစ်ဦးချင်း တွေ့ဆုံလျှင် UEC သို့ တင်ပြရမည်ဆိုပါက လွှတ်တော် ကိုယ်စားလှယ်များ၏ လုပ်ပိုင်ခွင့်ကို ကန့်သတ်ခြင်းနှင့် ပုဂ္ဂိုလ်ရေး လွတ်လပ်မှုများကို ထိခိုက်လာနိုင်သည်ဟု လွှတ်တော် ကိုယ်စားလှယ်များက ထောက်ပြကြသည်။
ထို့နောက် လွှတ်တော်ကိုယ်စားလှယ်များ အနေဖြင့် ပြည်သူလူထု၏ အကျိုးစီးပွားကို တင်ပြ ဆွေးနွေးဖို့ ထက် ၎င်းတို့ကိုယ်တိုင် လွတ်လပ်ခွင့်ရဖို့ အရင်ဆုံး ကြိုးပမ်းရမည် အနေအထားဖြစ်နေကြောင်း ပြည်သူ လူထုက ထောက်ပြကြသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် နိုင်ငံရေးပါတီများ တွေ့ဆုံစဉ်
ထုတ်ပြန်ချက်၏ အပိုဒ်ခွဲ(၃)တွင် လွှတ်တော်အမတ်များနှင့် နိုင်ငံခြားအဖွဲ့အစည်းများ တွေ့ဆုံမည်ဆိုပါ က သက်ဆိုင်ရာ လွှတ်တော်ရုံးနှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ မိတ္တူပေးပို့ရမည် ဆိုသည် မှာ မရှင်းလင်းကြောင်း ပြည်သူ့ပါတီ(PP)မှ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးကြည်လင်းထက်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “တစ်ခု ပြောစရာလေးရှိတာ တစ်ခုက အပိုဒ် (၃) မှာပေါ့ အသုံးအနှုန်း တစ်ခုလေး သူ ဟိုဟာ ဖြစ်ထားတယ်ပေါ့။ အဲဒီမှာက ဘာပြောလိုက်လဲဆိုတော့ "လွှတ်တော်ကိုယ်စားလှယ်များနှင့် နိုင်ငံခြား အဖွဲ့အစည်းများ တွေ့ဆုံမည့် ကိစ္စရပ်များနှင့် စပ်လျဉ်း၍ တွေ့ဆုံမည့် လွှတ်တော် ကိုယ်စားလှယ်များ အနေဖြင့် သက်ဆိုင်ရာ လွှတ်တော်ရုံးသို့ တင်ပြဆောင်ရွက်ရန်" ဒီဟာက ပုံမှန် Normal ပါပဲ။ သို့သော် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ မိတ္တူပေးပို့ရန် အကြောင်းကြား အပ်ပါသည်လို့ ရေးထားတဲ့ ဟာလေးတစ်ခုပေါ့။ ဒါကတော့ ကျနော်အမြင်နဲ့ စိတ်ထဲမှာ ထင်တာကတော့ အပိုဒ်ခွဲ (၂) ကို ကြည့်လိုက် ရင်တော့ ရှင်းပါတယ်။ လိပ်မူထားတာကလည်း နိုင်ငံရေးပါတီ အားလုံးသို့ လိပ်မူထားတဲ့အတွက် လွှတ် တော်ကိုယ်စားလှယ်တွေကို လိပ်မူထားတာ မဟုတ်ဘူးပေါ့နော်။ ရွေးကောက်ပွဲကော်မရှင် အနေနဲ့ က တော့ နိုင်ငံရေးပါတီကို ညွှန်ကြားချက်ပေးတာက ပုံမှန်ပဲပေါ့ ဥပဒေပုဒ်မ ၂၆ အရ အမိန့်ညွှန်ကြားချက် တွေ ထုတ်ခွင့်ရှိပါတယ် နံပါတ်တစ် အချက်ကတော့။ သို့သော် နံပါတ်သုံးမှာကျတော့ နှစ်မှာရေးထားတာ က ရှင်းသွားပြီးတော့ နံပါတ်သုံးမှာ ရေးလိုက်တဲ့ စာလုံးကလေး တစ်လုံးက ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်သို့ မိတ္တူပေးပို့ရန် အကြောင်း ကြားအပ်ပါသည် ဆိုတဲ့ဟာလေးကတော့ ရောပြီးတော့ အသုံး အနှုန်း အားဖြင့် ကွာသွားတယ်လို့ပဲ ယူဆပါတယ်။ Intention လဲ ဘာမှ ရှိဟန်မတူပါဘူး။ ဒီဟာကတော့ ဘာမှဖြစ်တဲ့ဟာမဟုတ်ပါဘူး”ဟု ပြောသည်။
ပုံမှန်အားဖြင့် လွှတ်တော်ကို အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်ထောင်စု လွှတ်တော် နာယကတို့က တိုက်ရိုက်ညွှန်ကြားလေ့ရှိကြောင်း၊ UEC အနေဖြင့် နိုင်ငံရေးပါတီများဆီက နေ မိတ္ထူတောင်းသင့်ကြောင်း သို့မဟုတ် လွှတ်တော်ရုံးနှင့် ညှိနှိုင်းဆောင်ရွက်ပါက အဆင်ပြေနိုင် ကြောင်း အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးကြည်လင်းထက်က ပြောသည်။
လက်ရှိ မြန်မာ့နိုင်ငံရေး အခင်းအကျင်းအရ ပြည်ပနိုင်ငံများမှ မြန်မာနိုင်ငံအပေါ် ဝင်ရောက် စွက်ဖက် မည်ကို စိုးရိမ်ခြင်းကြောင့် လိုအပ်ချက်အရ ထုတ်ပြန်ခြင်း ဖြစ်နိုင်ကြောင်း နိုင်ငံရေးလေ့လာသူများ ထောက်ပြကြသည်။
သို့သော် တခြား တစ်ဖက်မှာတော့ အစိုးရနှင့် တပ်မတော်သည် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အစည်းများကို တွေ့ဆုံ ဆွေးနွေးရာမှာ နိုင်ငံရေးပါတီထောင်၊ ရွေးကောက်ပွဲဝင်ပြီး လွှတ်တော်ထဲကနေ မိမိ၏ လိုအင်ဆန္ဒကို တောင်းဆိုရမည်ဟု ပြောနေချိန်မှာ နိုင်ငံရေးပါတီများကို ဖျက်သိမ်းနေခြင်း၊ နိုင်ငံရေးပါတီများနှင့် လွှတ်တော်ကိုယ်စားလှယ်များကို ပြည်ပ သံတမန်များနှင့် နိုင်ငံခြား အဖွဲ့အစည်း များဖြင့် တွေ့ဆုံရေးကို တင်းကြပ်နေခြင်းက ငြိမ်းချမ်းရေးအပေါ်မှာ သက်ရောက်လာနိုင်ကြောင်း စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များက ထောက်ပြကြသည်။
