CNI News

၂၀၂၃ ခုနှစ်၊ မေလ ၃၁

နွေဦးတော်လှန်ရေးအောင်မြင်ဖို့ အဓိက သော့ချက်မှာ နိုင်ငံလုံးဆိုင်ရာ တော်လှန်ရေး နိုင်ငံရေးဦးဆောင်မှု ခိုင်ခိုင် မာမာ ထူထောင်နိုင်ရေးအပေါ် မူတည်နေသည်ဟု ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ(PNFC)က “စစ်ကိုင်းဖို ရမ်”သို့ ပေးပို့သည့် သဝဏ်လွှာမှာ ဖော်ပြထားသည်။

စစ်ကိုင်းတိုင်းရှိ တော်လှန်ရေး၊ နိုင်ငံရေး အင်အားစုများ အားလုံး စုပေါင်းဆွေးနွေးကြမည့် “စစ်ကိုင်းဖိုရမ်” ကို စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ မြေပေါ် မြေအောက် အင်အားစုများက ကျင်းပကြသည်။

PNFC က “ နွေဦးတော်လှန်ရေးအောင်မြင်ရန် အဓိကသော့ချက်သည် EROs, PDF, LPDF, ပကဖ၊ ပအဖ များ အပါအဝင် ဒေသအလိုက်တော်လှန်ရေး နိုင်ငံရေးအင်အားစုများ ညီညွတ်ရေးနှင့် ဒေသအလိုက် တော်လှန်ရေး နိုင်ငံရေး ဦးဆောင်မှုများ ခိုင်ခိုင်မာမာ ထူထောင်နိုင်ရေး၊ ထိုမှတဆင့် နိုင်ငံလုံးဆိုင်ရာ တော်လှန်ရေး နိုင်ငံရေး အင်အားစုများ ညီညွတ်ရေးနှင့် နိုင်ငံလုံးဆိုင်ရာ တော်လှန်ရေး နိုင်ငံရေး ဦးဆောင်မှု ခိုင်ခိုင်မာမာ ထူထောင်နိုင် ရေးအပေါ် မူတည်နေလျက်ရှိပါသည်”ဟု ပြောသည်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့တွင် မြန်မာ့တပ်မတော်က ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(NLD)အစိုးရသည် ၂၀၂၀ အထွေထွေရွေးကောက်ပွဲ၌ မဲစာရင်း အငြင်းပွားမှုများ ရှိခဲ့သည်ကို မဖြေရှင်းဘဲ အစိုးရဖွဲ့စည်းရေး ကြိုးပမ်းသည်ဟုဆိုကာ နိုင်ငံတော်ကို အရေးပေါ် အခြေအနေ ကြေညာခဲ့သည်။

ထို့နောက် မြန်မာ့တပ်မတော် ဆန့်ကျင်ရေး လူထုဆန္ဒပြမှုများ ပေါ်ပေါက်လာခဲ့သလို လက်နက်ကိုင် တော်လှန် ရေး (နွေဦးတော်လှန်ရေး)လည်း ပေါ်ပေါက်လာခဲ့သည်။

အဆိုပါ လက်နက်ကိုင် (နွေဦးတော်လှန်ရေး)တော်လှန်ရေးကို စစ်ကိုင်းဒေသကြီးမှ စတင်ခဲ့သော်လည်း မြေပေါ် မြေအောက် အဖွဲ့အစည်းပေါင်း ရာချီရှိနေခြင်းကြောင့် ညီညွတ်မှုမရှိဘဲဖြစ်နေသည်။

ထို့ကြောင့် စစ်ကိုင်းဖိုရမ်ကို ကျင်းပ၍ မြေပေါ်မြေအောက် အင်အားစုများ တစ်စုတစ်စည်းထဲ တော်လှန်ရေး လုပ်နိုင်ရန် ဆွေးနွေးနေကြကြောင်း သိရသည်။