CNI International News
ဘန်ကောက်၊ မေလ ၃၁
ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သည့်တိုင် အစိုးရမဖြစ်သေးသည့်အတွက် Move Forward (MFP)ပါတီ အနေဖြင့် အစိုးရအေဂျင်စီများမှ ကိုယ်စားလှယ်များဖြင့် တွေ့ဆုံခြင်းကဲ့သို့ လုပ်ရပ်မျိုးပြုလုပ်၍ စည်းကမ်းဖောက်နေခြင်း မလုပ်ရန် လက်ရှိ ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာ (Prayut Chan-o-cha)က ပြောသည်ဟု ဘန်ကောက်ပို့စ် မှ ဖော်ပြခဲ့သည်။
Move Forward ပါတီသည် အစိုးရအဖွဲ့များထံမှ အချက်အလက်များရရှိရန်၊ အိမ်စောင့်အစိုးရထံမှ တာဝန်များ လွှဲပြောင်း ရယူရေး ကြိုတင်ပြင်ဆင်ရန်အတွက် အသွင်ကူးပြောင်းမှုအဖွဲ့ ဖွဲ့စည်းရေး အစီအစဉ်နှင့်ပတ်သက်၍ သတင်းထောက်များက မေးမြန်းစဉ် ပရာယွတ်က အထက်ပါအတိုင်း ဖြေကြားခဲ့ခြင်း ဖြစ်သည်။
ထိုသို့ လုပ်ဆောင်မှုများက မသင့်တော်ဟု ပရာယွတ်က မေလ ၃၀ ရက်နေ့တွင် ပြောသည်။
အစိုးရအေဂျင်စီများသည် လက်ရှိအချိန်အထိ အစိုးရဟောင်း လက်အောက်တွင် ရှိသေးကြောင်း၊ ၎င်းတို့သည် အာဏာ လွှဲပြောင်းရေးအတွက် အချက်အလက်များကို အနာဂတ်တွင် ပြင်ဆင်သွားလိမ့်မည် ဖြစ်ကြောင်း ပရာယွတ်က ပြောသည်။
Move Forward ပါတီခေါင်းဆောင် ပီတာကိုတွေ့ရစဉ်
MFP ပါတီခေါင်းဆောင် ပီတာလင်ဂျာရိုရန်ရတ် (Pita Limjaroenrat) သည် စီးပွားရေး အသိုင်းအဝိုင်းနှင့် တခြား သော အဖွဲ့အစည်းများမှ အရေးပါသော ပုဂ္ဂိုလ်များကို တွေ့ဆုံခြင်းဖြင့် နောက်ထပ် ဝန်ကြီးချုပ် တစ်ဦးကဲ့သို့ပြုမှု နေပါသလားဟု သတင်းထောက်များက ထပ်မံမေးမြန်းခဲ့ရာတွင်တော့ ထိုသို့ သဘောထားမရှိဟု ပရာယွတ်က ပြန်လည် ဖြေကြားခဲ့သည်။
ထိုကိစ္စကို ခေါင်းထဲမရှိကြောင်း၊ မည်သူနှင့်မှ ပဋိပက္ခဖြစ်မည် မဟုတ်ကြောင်း၊ ယခင်က ပြောသည့်အတိုင်း ဒီမိုကရေစီ နည်းလမ်းအတိုင်း ကျင့်သုံးသွားမည်ဟု ၎င်းက ပြောသည်။
MFP အနေဖြင့် ပုဂ္ဂလိကကဏ္ဍမှ အဖွဲ့အစည်းများ၊ ကိုယ်စားလှယ်များနှင့် တွေ့ဆုံနိုင်သော်လည်း လက်ရှိအချိန် တွင် အစိုးရအဖွဲ့များနှင့် တွေ့ဆုံခြင်းမှာ မသင့်တော်ဟု ပရာယွတ်က ပြောသည်။
Move Forward ပါတီ၏ အထွေထွေအတွင်းရေးမှူးချုပ် ချိုင်တာဝပ် တူလာသွန်း ကိုတွေ့ရစဉ်
MFP ပါတီသည် အစိုးရဖွဲ့စည်းရေးနှင့် ပတ်သက်သည့် တခြားသော အသေးစိတ် အကြောင်းအရာများကို ဆွေးနွေး ရန်အတွက် မဟာမိတ်ပါတီများနှင့် မေလ ၃၀ ရက်က ဆွေးနွေးပွဲတစ်ခု ကျင်းပခဲ့သည်။
ထိုမဟာမိတ် ပါတီများသည် မေလ ၂၂ ရက်က နားလည်မှုစာချွန်လွှာ (MoU) ၌ လက်မှတ်ရေးထိုးခဲ့သည်။
MFP သည် ပါတီရှစ်ခုလုံးမှ ကိုယ်စားလှယ်များ ပါဝင်သော အစိုးရအကူးအပြောင်းအဖွဲ့ တစ်ခုကို ဖွဲ့စည်းသွားရန် အဆိုပြုထားသည်ဟု ပါတီ၏ အထွေထွေအတွင်းရေးမှူးချုပ် ချိုင်တာဝပ် တူလာသွန်း (Chaithawat Tulathon) ကပြောသည်။
ထိုအဖွဲ့သည် မတူညီသော နယ်ပယ်များမှ သတင်း အချက်အလက်များကို ထည့်သွင်းစဉ်းစားကာ သင့်တော်သော မူဝါဒများကို ပြင်ဆင်သွားမည်ဟုလည်း ၎င်းက ပြောသည်။
Source: ဘန်ကောက်ပို့စ်