CNI News
၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၄
မြန်မာနိုင်ငံတွင် ကျောင်းသား/သူ ၆ ဒသမ ၃ သန်းကျော်သည် ကျောင်းပရဝဏ်ကို စွန့်ခွာပြီး ပညာသင်ကြားခွင့် ဆုံးရှုံးနေကြောင်း ISP Myanmar က ထုတ်ပြန်ခဲ့သည်။
၂၀၂၆-၂၀၂၇ ပညာသင်နှစ်တွင် အခြေခံပညာ ကျောင်းအပ်နှံသူ ဦးရေ ၆ ဒသမ ၇ သန်းရှိကြောင်း၊ မနှစ်ကထက် ၆ သိန်း ဝန်းကျင် တိုးခဲ့ကြောင်း ISP Myanmar က ထုတ်ပြန်ခဲ့သည်။
ISP Myanmar က “ ၂၀၁၉ ခုနှစ်နဲ့ ၂၀၂၄ ခုနှစ် သန်းခေါင်စာရင်းပါ အချက်အလက်တွေနဲ့ ခန့်မှန်း တွက်ချက်ရင် အခြေခံပညာသင်ယူရမယ့် ကျောင်းနေအရွယ် ဦးရေဟာ ၁၃ သန်းဝန်းကျင် ရှိရပါလိမ့်မယ်။ ဒါကြောင့် ပညာသင် နှစ် တစ်နှစ်တည်းမှာတင် အခြေခံပညာ သင်ယူခွင့် ဆုံးရှုံးသူ ၆ ဒသမ ၃ သန်းကျော် ရှိခဲ့ပါတယ်”ဟု ပြောသည်။
ထို့နောက် အဆင့်မြင့် ပညာသင်ယူနိုင်ရန် အရေးကြီးသည့် တက္ကသိုလ်ဝင်တန်း စာမေးပွဲ ဖြေဆိုသူ ဦးရေကလည်း ၂၀၂၀ ပြည့်နှစ်မှာ ၉ သိန်းကျော်ရှိခဲ့သော်လည်း ၂၀၂၆ ခုနှစ်မှာတော့ ၂ သိန်းခွဲဝန်းကျင်ပဲ ရှိတော့ကြောင်း ISP Myanmar က ထုတ်ပြန်ခဲ့သည်။

ISP Myanmar က “ တစ်ဖက်မှာလည်း ဦးမင်းအောင်လှိုင် အစိုးရဟာ ပညာရေးကဏ္ဍအတွက် ဘတ်ဂျက် ပိုသုံး မယ်လို့ ပြောထားပါတယ်။ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်မှာ နိုင်ငံတော်ဘတ်ဂျက်ရဲ့ ၆ ဒသမ ၀၃ ရာခိုင်နှုန်းကို ပညာရေး ကဏ္ဍအတွက် သုံးခဲ့ပြီး ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်မှာ ၆ ဒသမ ၉၂ ရာခိုင်နှုန်း သုံးမယ်လို့ ဆိုပါတယ်။ လာမယ့် ဘဏ္ဍာ နှစ်မှာတော့ ၁၀ ရာခိုင်နှုန်းထက်မနည်း တိုးသုံးပြီး သူတာဝန်ယူမယ့် ၅ နှစ်အတွင်း ၂၀ ရာခိုင်နှုန်းအထိ ရောက် အောင် တိုးသွားမယ်ုလိ့လည်း ဆိုထားပါတယ်။ ဒါပေမယ့် ပညာရေးကဏ္ဍအတွက် လက်ရှိသုံးစွဲမှုဟာ ၂၀၂၀-၂၀၂၁ ခုနှစ်မှာ သုံးစွဲခဲ့တဲ့ ၈ ဒသမ ၀၇ ရာခိုင်နှုန်းကိုတောင် ပြန်မရောက်သေးတာ သတိပြုစရာပါပဲ”ဟု ပြောသည်။
မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်က NLD အစိုးရကို ၂၀၂၀ အထွေထွေရွေးကောက်ပွဲ မဲစာရင်း အငြင်းပွားမှုအား မဖြေရှင်းဘဲ အစိုးရဖွဲ့စည်းရန် ကြိုးပမ်းသည်ဟုဆိုကာ မြန်မာ့တပ်မတော်က ဖြုတ်ချ၍ အာဏာ ရယူခဲ့သည်။
ထို့နောက် တစ်နိုင်ငံလုံး ဆန့်ကျင် ကန့်ကွက်ဆန္ဒပြမှုများနှင့် လက်နက်ကိုင် တော်လှန်တိုက်ခိုက်မှုများ ပေါ်ပေါက်လာခဲ့သလို ဆရာ/ဆရာမများ CDM လုပ်ရန်နှင့် ကျောင်းသား/သူများ ကျောင်းမတက်နှင့် ကျောင်းထွက် ဆိုသော ဖိအားပေးမှုများ ပေါ်ပေါက်ခဲ့သည်။
ထို့ကြောင့် ကျောင်းသား/သူများ ပညာသင်ကြားခွင့် ဆုံးရှုံးခဲ့ကြသလို နေရပ်စွန့်ခွာ စစ်ဘေးတိမ်းရှောင်နေရခြင်း ကြောင့်လည်း ပညာသင့်ကြားခွင့်များ ဆုံးရှုံးလျက်ရှိနေသည်။
