CNI International News

ဆိုးလ်၊ မေလ ၃၁

နိုင်ငံ၏ ပထမဆုံးသော စစ်ဘက်ထောက်လှမ်းရေး ဂြိုလ်တုအား ဇွန်လတွင် လွှတ်တင်မည်ဟု မြောက်ကိုရီးယား က အင်္ဂါနေ့တွင် ထုတ်ပြန်ပြောဆိုခဲ့ကြောင်း အေပီသတင်းတွင် ဖော်ပြသည်။

အဆိုပါ ထုတ်ပြန်မှုတိုင်ခင်တစ်ရက်၌ မြောက်ကိုရီးယားစစ်တပ်က ပစ်လွှတ်မှုသည် မေ ၃၁ ရက်မှ ဇွန် ၁၁ ရက် အတွင်းဖြစ်နိုင်ကာ ယင်းသည် ပင်လယ်ဝါ၊ အရှေ့တရုတ်ပင်လယ်နှင့် ဖိလစ်ပိုင်၏ လူဇွန်ကျွန်း (Luzon Island) ရေပြင်များသို့ သက်ရောက်မှု ရှိနိုင်ကြောင်း ဂျပန်ကမ်းခြေစောင့်တပ်ကို သတိပေးခဲ့သည်။

ယင်းကြောင့် ဂျပန်ကာကွယ်ရေးဌာနက ဂျပန်ပိုင်နက်အတွင်းသို့ ဂြိုဟ်တု (သို့မဟုတ်) အပျက်အစီးများ ရောက်ရှိ လာလျှင် ပစ်ချရန် သတိပေးမှုပြုလုပ်ထားကာ အပျက်အစီးများ ကျရောက်လာနိုင်သည့် အန္တရာယ်ကြောင့် လွှတ်တင်မှုလုပ်ဆောင်မည့်အချိန်အတွင်း သက်ဆိုင်ရာ ပင်လယ်ပြင်များသို့ သွားမည့်သင်္ဘောများကိုလည်း သတိ ပေးချက်ထုတ်ပြန်ထားသည်။

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းသည် မြောက်ကိုရီးယားနိုင်ငံ တုန်ချန်ရီရှိ ဆိုဟေး ဂြိုလ်တု လွှတ်တင်ရေးကွင်းသို့ သွားရောက်လည်ပတ်ခဲ့စဉ်(ဓါတ်ပုံ-အေပီ)

မြောက်ကိုရီးယား၏ ဒုံးကျည်လွှတ်တင်မှုအပေါ် ပြိုင်ဘက်နိုင်ငံများက တားမြစ်ထားသည့် ပဲ့ထိန်းဒုံးကျည်စနစ် အား စမ်းသပ်မှုဟု ပြစ်တင်ဝေဖန်ထားသော်လည်း ယင်းဂြိုဟ်တုသည် မြောက်ကိုရီးယားဘက်မှ ရည်မှန်းထား သကဲ့သို့ အမေရိကန်နှင့် တောင်ကိုရီးယားစစ်တပ်တို့၏ လှုပ်ရှားမှုများကို အမှန်တကယ် စောင့်ကြည့်နိုင်မလား မရှင်းလင်းသေးပေ။ အင်္ဂါနေ့တွင် ရိုက်ကူးထားသည့် ဂြိုဟ်တုဓာတ်ပုံများအရ မြောက်ကိုရီးယား၏ ဆိုဟေး (Sohae) ဂြိုဟ်တုလွှတ်တင်ရေးစခန်း၏ ပင်မလမ်းကြောင်းတွင် လှုပ်ရှားမှုများ ရှိနေသည်ကို တွေ့ခဲ့ရသည်။

ယင်းကြောင့် လွှတ်တင်မှုသည် မကြာခင်အချိန်အတွင်း ဖြစ်လာမည်ဟုလည်း ယူဆရသည်။ Planet Labs PBC ၏ ဓာတ်ပုံများအရ လွှတ်တင်ရေးလမ်းကြောင်းတွင် လုပ်ငန်းဆောင်ရွက်နေသည့် ကြီးမားသော လိမ္မော်ရောင် ကရိန်းတစ်ခုကို တွေ့ခဲ့ရသည်။ ယင်းကရိန်းသည် ဒုံးကျည်တစ်ခုအား လမ်းကြောင်းပေါ် နေရာချနေကာ ယင်း၏ ဘေးတွင် ရှည်မျောမျော အရာနှစ်ခု၊ အနီးအနားတွင် နောက်ထပ်အရာနှစ်ခုတို့ကို မြင်တွေ့ရသည်။

ထိုအရာများကို ယခင်နေ့ ဓာတ်ပုံများတွင် မြင်တွေ့ခဲ့ရခြင်း မရှိသောကြောင့် ယင်းတို့သည် ဒုံးကျည် အစိတ်အပိုင်း များဟု ယူဆနိုင်သည်။

မြောက်ကိုရီးယားနိုင်ငံ တုန်ချန်ရီအနီးရှိ ဆိုဟေးဂြိုလ်တုလွှတ်တင်ရေးစခန်းရှိ ဓာတ်ပုံများကို ပြသထားသည့် ပြည်တွင်းသတင်းစာတစ်စောင်(ဓါတ်ပုံ-အေပီ)

ထိုသို့သော လုပ်ဆောင်ချက်များ ရှိနေခြင်း၊ လွှတ်တင်ခြင်းနှင့် ပတ်သက်သည့် ကြေညာချက်စသည်တို့ကြောင့် မြောက်ကိုရီးယားတာဝန်ရှိသူများသည် မကြာခင်အချိန်အတွင်း ဂြိုဟ်တုလွှတ်တင်မှုကို လုပ်ဆောင်တော့မည်ဟု ယူဆရကြောင်း လေ့လာသုံးသပ်သူ ဒေ့ဗ် ရှမာလာ (Dave Schmerler) က ပြောသည်။

မြောက်ကိုရီးယား၏ ယခုကဲ့သို့ နေ့ခင်းဘက်အချိန်တွင် ဒုံးကျည်အစိတ်အပိုင်းများအား လူသိရှင်ကြား တပ်ဆင် နေခြင်းသည်လည်း ပုံမှန်မဟုတ်သော အခြေအနေဖြစ်သည်ဟု ဒေ့ဗ်က ပြောသည်။

Source:AP