CNI International News

ဆိုးလ်၊ ဇွန်လ ၁

မြောက်ကိုရီးယား၏ ပထမဆုံးသော ထောက်လှမ်းရေးဂြိုဟ်တုကို အာကာသအတွင်းသို့ လွှတ်တင်ရန် ကြိုးပမ်းမှု သည် မအောင်မြင်ခဲ့ဘဲ ပင်လယ်ထဲသို့ ပျက်ကျသွားခဲ့သည်ဟု အေပီ သတင်းမှ ဖော်ပြခဲ့သည်။

မြောက်ကိုရီးယားဘက်က ထိုမအောင်မြင်မှုနှင့် ပတ်သက်၍လည်း ကြုံတောင့်ကြုံခဲ လျင်လျင်မြန်မြန်ပင် ဝန်ခံ သွားခဲ့ပြီး ယခုတစ်ကြိမ် အမှားအယွင်းကို သင်ခန်းစာယူကာ ဒုတိယအကြိမ် လွှတ်တင်မှု လုပ်ဆောင်သွားမည်ဟု လည်း ပြောသည်။

မြောက်ကိုရီးယား ခေါင်းဆောင်ကင်မ်သည် လက်နက်တိုက်ကို အားဖြည့်ရန်၊ သံတမန်ရေးရာ ကြန့်ကြာမှု ရှိနေချိန် တွင် အမေရိကန်နှင့် တောင်ကိုရီးယားတို့အပေါ် ဖိအားများ ထပ်ပေးရန် ဆုံးဖြတ်ထားသည်ဟုလည်း မြောက်ကိုရီးယား၏ ထုတ်ပြန်ချက်တွင် ပါဝင်သည်။

မြောက်ကိုရီးယားဘက်က ဂြိုဟ်တုလွှတ်တင် ပြီးသည်နှင့် ဒေသခံတချို့ကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းရန် တောင်ကိုရီးယားနှင့် ဂျပန်အစိုးရတို့က ထုတ်ပြန်ခဲ့သည်။

မြောက်ကိုရီးယားရဲ့ ထောက်လှမ်းရေး ဂြိုဟ်တု ပျက်ကျစဉ်

မြောက်ကိုရီးယား ဂြိုလ်တု အပိုင်းအစဟု ယူဆရသည့် အရာတစ်ခုကို အိုချုံးဒို (Eocheongdo)ကျွန်း အနောက် ဘက် ကီလိုမီတာ ၂၀၀ ရှိ ရေပြင်တွင် ဆယ်ယူရရှိခဲ့သည်ဟု တောင်ကိုရီးယားစစ်တပ်က ပြောသည်။

နောက်ပိုင်းတွင် မြောက်ကိုရီးယား ဒုံးကျည် အစိတ်အပိုင်းဟု ထင်ရသည့် အဖြူရောင် သတ္ထုဆလင်ဒါ တစ်ခု၏ ဓာတ်ပုံများကိုလည်း တောင်ကိုရီးယား ကာကွယ်ရေးဌာနက ထုတ်ပြန်ခဲ့သည်။

မြောက်ကိုရီးယား၏ ဂြိုဟ်တု လွှတ်တင်ခြင်းသည် ကုလလုံခြုံရေးကောင်စီ၏ သတ်မှတ်ချက်များကို ချိုးဖောက် ခြင်း ဖြစ်သည်။

လုံံခြုံရေးကောင်စီသည် ပဲ့ထိန်းနည်းပညာကို အခြေခံသည့် ဂြိုဟ်တုလွှတ်တင်မှုတိုင်းကို ပိတ်ပင်ထားသည်။

မြောက်ကိုရီးယား၏ ယခင်ဂြိုဟ်တု လွှတ်တင်မှုများသည် နိုင်ငံ၏ တာဝေးပစ် ဒုံးကျည်နည်းပညာကို တိုးတက်စေ ရန် အထောက်အကူ ဖြစ်စေခဲ့သည်ဟု လေ့လာသူများက သုံးသပ်သည်။

ပြီးခဲ့သည့်နှစ်က မြောက်ကိုရီးယား၏ တာဝေးပစ် ဒုံးကျည် စမ်းသပ်မှုများသည် အမေရိကန် မြေပေါ်သို့ ရောက်နိုင် သည့် အလားအလာများကို ပြသနိုင်ခဲ့သော်လည်း နျူကလီးယား ဒုံးကျည်များကို ဖန်တီးနိုင်ရေး မြောက်ကိုရီးယား တွင် လိုအပ်ချက်များ ရှိနေဆဲဖြစ်သည်ဟု လေ့လာသူများက ပြောသည်။

မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ကိုတွေ့ရစဉ်

 

မြောက်ကိုရီးယား၏ ပထမဆုံးသော ထောက်လှမ်းရေးဂြိုဟ်တု Malligyong-1 ကို နိုင်ငံအနောက် မြောက်ပိုင်းရှိ ဆိုဟေး ဒုံးကျည် လွှတ်တင်ရေးစခန်းမှ မနက် ၆ နာရီ ၃၇ မိနစ်တွင် လွှတ်တင်ခဲ့ခြင်းဖြစ်ပြီး ယင်းကို Chollima -1 ဒုံးကျည်က လေထုထဲသို့ သယ်ဆောင်သွားသည်။

ထိုဒုံးကျည်သည် ပထမနှင့် ဒုတိယအဆင့် ခွဲထွက်မှုများ ပြီးနောက် တွန်းလွှတ်အင်အား ဆုံးရှုံးခဲ့သည့်အတွက် ကိုရီးယားကျွန်းဆွယ် အနောက်ဘက်ကမ်းလွန်တွင် ပျက်ကျသွားခဲ့သည်ဟု မြောက်ကိုရီးယား၏ KCNA သတင်း တွင် ဖော်ပြခဲ့သည်။

ဒုံးကျည်သည် ရေပြင်ပေါ်သို့ မပျက်ကျခင် ပုံမှန်မဟုတ်သော ပျံသန်းမှုဖြစ်ခဲ့သည်ဟု တောင်ကိုရီးယားစစ်တပ်က ပြောသည်။

မည်သည့်အရာမှ အာကာသအတွင်းသို့ ရောက်ရှိခဲ့သည့်ပုံမျိုး မရှိဟုလည်း ဂျပန်အစိုးရအဖွဲ့၏ အထွေထွေ အတွင်းရေးမှူးချုပ်က ပြောသည်။

ယခုလွှတ်တင်မှုကြောင့် ပြင်းထန်သည့် လိုအပ်ချက်များ ပေါ်ထွက်လာကာ ယင်းတို့ကို နိုင်ငံ၏ အာကာသ အေဂျင်စီက စုံစမ်းစစ်ဆေးမှု လုပ်ဆောင်၍ ဒုတိယမြောက် လွှတ်တင်မှုကို စောနိုင်သမျှ အစောဆုံး လုပ်ဆောင် သွားမည်ဟုလည်း မြောက်ကိုရီးယားမီဒီယာတွင် ဖော်ပြသည်။

Source: AP