CNI News

၂၀၂၃ ခုနှစ်၊ မေလ ၃၁

ဗမာတိုင်းရင်းသားကို ကိုယ်စားပြုသည့် တပ်မဟာတစ်ခု ပေါ်လာရေး စစ်ကိုင်းဖိုရမ်ကို ကျင်းပခြင်း ဖြစ်ကြောင်း မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က CNI သတင်းဌာနသို့ ပြောသည်။

အဆိုပါ တပ်မဟာသည် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် ပူးပေါင်း၍ နွေဦးတော်လှန်ရေး လှုပ်ရှားမှုမှာ ပါဝင် တိုက်ခိုက်ပေးမည့် စည်းလုံးညီညွတ်သော အင်အားတစ်ရပ်ဖြစ်လာရန် မျှော်လင့်ကြောင်း ၎င်းက ပြော သည်။

ဦးသန်းစိုးနိုင်က “အဓိက ပြောရလို့ရှိရင်တော့ ကျနော်တို့ စစ်ကိုင်းဒေသမှာ ကျနော်တို့ PDF အဖွဲ့တွေ အားလုံးကို စုစည်းပြီးတော့ ဗမာဒေသက တပ်မဟာတစ်ခု ပေါ်ပေါက်ဖို့ အရေးတကြီး လိုအပ်နေပါတယ်။ အဲဒီ လိုအပ်ချက်ကို ဖြည့်ဆည်းဖို့အတွက် အခုပြောပြနေတဲ့ PDF တွေနဲ့ NUG အောက်ကို မဝင်သေးတဲ့ PDF တွေ အားလုံး စုစည်းပြီး တော့ အခုက အဲဒီလိုလုပ်ဖို့ စီစဉ်တာပါ။ ကျနော်တို့ကလည်း အခုလိုနေတာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ တွေထဲမှာ တိုင်းရင်းသားဖြစ်တဲ့ ဗမာတပ်ရယ်လို့ ပီပီပြင်ပြင် မရှိသေးတဲ့အတွက် NUG က အဲဒီဒေသမှာ ဦးဆောင် ပြီး လုပ်သင့်တယ်လို့ တိုက်တွန်းထားတာတွေ ရှိပါတယ်၊ အဲဒီ အခြေအနေအောက်မှာ အခု အားလုံး စည်းလုံးညီ ညွတ်တဲ့ ပျောက်ကြားတပ်ဖွဲ့တွေကို စုစည်းပြီးတော့ တပ်မဟာတစ်ခု ဖွဲ့စည်းဖို့ စုစည်းနေတယ်လို့ ကြားပါတယ် ခင်ဗျ” ဟု CNI သတင်းဌာနသို့ ပြောသည်။

စစ်ကိုင်းဖိုရမ်ကို စစ်ကိုင်းတိုင်းအတွင်းရှိ တော်လှန်ရေး အင်အားစုများ၊ နိုင်ငံရေးအင်အားစုများ စုပေါင်း ဆွေးနွေး ကြမည်ဖြစ်ကြောင်း သိရသည်။

 စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ MPDF စစ်ရေးလေ့ကျင့်နေမှုအား ပြီးခဲ့သည့်နှစ် အောက်တိုဘာလက တွေ့ရစဉ်။ (MPDF/ Fb)

စစ်ကိုင်းဖိုရမ်မှ ညှိနှိုင်းဆွေးနွေးမှု အဆင့်ဆင့်ဖြင့် ဖက်ဒရယ်ယူနစ် တစ်ခုအဖြစ် ဖွဲ့စည်းနိုင်ရေးအတွက်ကိုလည်း တိုက်တွန်းကြောင်းနှင့် ဖက်ဒရယ်ပြည်ထောင်စုသစ် တည်ဆောက်ရေး လုပ်ငန်းစဉ်တွင် စစ်ကိုင်းတိုင်းအနေဖြင့် ဖက်ဒရယ်ယူနစ် တစ်ခုအဖြစ် ပါဝင်နိုင်ရန်ကိုလည်း ကရင်အမျိုးသားအစည်းအရုံး (KNU) က မျှော်လင့်ကြောင်း သဝဏ်လွှာ ပေးပို့ခဲ့သည်။

အလားတူ နွေဦးတော်လှန်ရေး လိုအပ်ချက်ဖြစ်သော စုပေါင်းဆွေး‌နွေး၊ စုပေါင်းခေါင်းဆောင်၊ စုပေါင်းတော်လှန် ကြမည့် တော်လှန်ရေး စံနမူနာကောင်း တစ်ရပ်ကို စစ်ကိုင်းဖိုရမ် ကျင်းပပြီး တော်လှန်ရေး၏ စံပြတိုင်းတစ်ခု အဖြစ် ရပ်တည်လှုပ်ရှား တော်လှန်နေသည့် စစ်ကိုင်းမှ တော်လှန်ပြည်သူများကို လေးစားဂုဏ်ပြုကြောင်း ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ (PNFC)က သဝဏ်လွှာပေးပို့ထားသည်။

 စစ်ကိုင်းတိုင်းဒေသကြီးအတွင်း လှုပ်ရှားနေသည့် PDF အဖွဲ့ကိုတွေ့ရစဉ်

ရခိုင်နိုင်ငံရေးသမား ဦးဖေသန်းက “ဗမာအင်အားစုတွေက အများအားဖြင့် တော်လှန်ရေး လုပ်ကြတယ်ဆိုတာက စနစ်ပေါ့၊ စနစ်နဲ့ ဆိုင်ပြီးတော့ လုပ် ကြတာ၊ ဒီမိုကရေစီစနစ်၊ စစ်အာဏာရှင်စနစ် တိုက်ပွဲတွေ ဖြစ်တယ်၊ တိုင်းရင်း သားတွေကတော့ ဖက်ဒရယ် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးခွင့်ဆိုတဲ့ ဖက်ဒရယ် အခွင့်အရေးတွေကို တောင်းဆိုနေတာ ဖြစ်တယ်၊ အဲဒီလို အခြေအနေမျိုး အာဂျင်နာ (အစီအစဉ်)ကွဲနေ တဲ့ အတွက်နဲ့ တချို့ဗမာတွေ ကလည်း ဒါတွေကို သိပ်ပြီးမှ မကြိုက်ကြဘူးပေါ့၊ အဲဒီအချိန်မှာ တစ်စုတစည်းတည်း ဆုံးဖြတ်နိုင်တဲ့ နိုင်ငံရေးအား ဖြင့် ဆုံးဖြတ်နိုင်တဲ့ ဗမာကိုယ်စားပြု အဖွဲ့တစ်ဖွဲ့ ဖြစ်လာတယ်ဆိုတာတော့ ဖြစ်လာ နိုင်တယ်၊ ဖြစ်လည်း ဖြစ်သင့် တယ်ပေါ့နော်၊ ဒါပေမဲ့ ခုနလို တခြားတိုင်းရင်းသားတွေနဲ့ ပေါင်းစည်းလို့ အခက်အခဲ ဖြစ်စေတဲ့ အင်အားတစ်ခု ဖြစ် သွားမယ်၊ အခြားတိုင်းရင်းသားတွေအတွက် ဒါက စိုးရိမ်ကြောင့်ကြနိုင်တဲ့ အဖွဲ့ အစည်းတစ်ခု ဖြစ်လာမယ် ဆိုရင် တော့ ဒါက မလိုလားအပ်ဘူးလို့ ကျနော်မြင်ပါတယ်” ဟု ပြောသည်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နောက်ပိုင်း တပ်မတော်ကို တော်လှန်တိုက်ခိုက်မှုကို စစ်ကိုင်းတိုင်းဒေသကြီး အတွင်းမှ စတင် တိုက်ခိုက်ခဲ့ရာ ယနေ့အချိန်ထိ တိုက်ပွဲများ ဖြစ်ပွားလျက် ရှိနေသည်။