CNI International News

ဝါရှင်တန်၊ မတ်လ ၁

အမေရိကန်နိုင်ငံ၊ အီလီနွိုက်စ် (Illinois) ပြည်နယ်တွင် ပြုလုပ်မည့် ရီပတ်ဘလစ်ကန်ပါတီ၏ ကိုယ်စားလှယ် လောင်း မဲပေးရွေးချယ်မှုမှ သမ္မတဟောင်း ဒေါ်နယ်ထရမ့် (Donald Trump) အား ဖယ်ရှားရန် အမေရိကန် တရားသူကြီးတစ်ဦးက အမိန့်ထုတ်ပြန်ခဲ့သည်ဟု Sputnik မှ ဖော်ပြခဲ့သည်။

ဖေဖော်ဝါရီ ၂၈ ရက်က Chicago Sun-Times သတင်းစာ၏ ဖော်ပြချက်အရ ကွတ်ခ် ကောင်တီ (Cook County) တရားသူကြီး ထရေစီ ပေါ်တာ (Tracie Porter) က မတ်လ ၁၉ ရက်တွင် ပြုလုပ်မည့် ပါတီကိုယ်စားပြု ပြည်နယ် ကိုယ်စားလှယ်လောင်း ရွေးချယ်သည့် မဲခွဲဆုံးဖြတ်မှုတွင် ထရမ့်ကို ဖယ်ရှားရန် ရွေးကောက်ပွဲဘုတ်အဖွဲ့ကို အမိန့် ထုတ်ပြန်ခဲ့သည်။

သို့သော်လည်း ထိုအမိန့်ကို မတ်လ ၁ ရက်နေ့အထိ အတည်မပြုသေးဘဲ ထိန်းသိမ်းထားသည်။

 တရားသူကြီး ထရေစီ ပေါ်တာကို တွေ့ရစဉ်

ထရမ့်အနေဖြင့် အီလီနွိုက်စ်ပြည်နယ် ရီပတ်ဘလစ်ကန် ကိုယ်စားလှယ်လောင်း မဲပေးရွေးချယ်မှုမှ ဖယ်ရှားရန် အမိန့်ထုတ်ပြန်ထားသည့် တရားသူကြီး၏ အမိန့်ကို အယူခံဝင်သွားမည်ဟု ၎င်း၏ ပြောရေးဆိုခွင့်ရှိသူ စတီဗင် ချောင် (Steven Cheung) က ပြောကြားခဲ့သည်။

“ဒီနေ့မှာတော့ အီလီနွိုက်စ်ပြည်နယ်ရဲ့ ဒီမိုကရက် တရားသူကြီးတစ်ဦးဟာ ပြည်နယ်ရဲ့ ရွေးကောက်ပွဲ ဘုတ်အဖွဲ့ ကို ကျော်လွန်ပြီး အမိန့်တစ်ခု ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီလုပ်ဆောင်ချက်ဟာ အခြားပြည်နယ်တွေနဲ့ ဖက်ဒရယ် တရားစီရင်ပိုင်ခွင့်တွေနဲ့ ဆန့်ကျင်နေပါတယ်။ အဲဒီလို ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ မညီတဲ့ အမိန့်ကို ကျနော်တို့ဘက် က မြန်မြန်ဆန်ဆန်ပဲ အယူခံဝင်သွားမှာပါ”ဟု စတီဗင်ချောင်က ပြောကြားခဲ့သည်။

Source: Sputnik