CNI International News

အန်ကာရာ ၊ ဇန်နဝါရီ ၁၁

တူရကီနိုင်ငံတွင် နှစ်ပေါင်း ၄၀ ကြာ ဖြစ်ပွားနေသည့် ကာ့ဒ်လက်နက်ကိုင်များ၏ ပဋိပက္ခကို အဆုံးသတ်ရန် ဆွေးနွေးမှုများရှိခဲ့သော်လည်း ဆီးရီးယားနိုင်ငံ၌ ဖြစ်ပွားနေသည့် အခြေအနေများသည် ထိုဆွေးနွေးပွဲ လုပ်ငန်းစဉ်များအတွက် စိန်ခေါ်မှုတစ်ခု ဖြစ်လာကြောင်း ရိုက်တာမှ ဖော်ပြခဲ့သည်။

တူရကီသည် ၎င်းတို့အား လက်နက်စွဲကိုင် တိုက်ခိုက်နေသည့် ကာ့ဒ်အလုပ်သမားပါတီ (PKK)က ဦးဆောင်သည့် လက်နက်ကိုင် ပဋိပက္ခကို အဆုံးသတ်ရန် မျှော်လင့်ထားခြင်းဖြစ်သည်။

သို့သော် ဆီးရီးယားနိုင်ငံအတွင်းရှိ ကာ့ဒ်လက်နက်ကိုင် အဖွဲ့များအကြား တူရကီ၏ ရေရာမှုမရှိသည့် ရည်ရွယ် ချက်များနှင့်ပတ်သက်ပြီး စိုးရိမ်စိတ်များ မြင့်တက်ခဲ့သည်။

PKK အဖွဲ့၏ အကြီးအကဲ အဗ္ဗဒူလာ အိုကလန်ကို တွေ့ရစဉ်

PKK အဖွဲ့၏ အကြီးအကဲ အဗ္ဗဒူလာ အိုကလန် (Abdullah Ocalan)သည် တိုက်ခိုက်မှုများကို ရပ်တန့်ရန်နှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အတွက် လက်နက်ချရန် PKK အဖွဲ့ဝင် များအား တိုက်တွန်းရန် ဆန္ဒရှိနေသည်ဟု သတင်းများ ထွက်ပေါ်ခဲ့သည်။

PKK နှင့် တူရကီအစိုးရတို့အကြား ဖြစ်ပွားသည့် ပဋိပက္ခကြောင့် လူပေါင်း ၄၀,၀၀၀ ကျော်သေဆုံးခဲ့ပြီး တူရကီ အရှေ့တောင်ပိုင်းနှင့် အီရတ်နိုင်ငံ မြောက်ပိုင်းရှိ ကာ့ဒ်ဒေသများတွင် နိုင်ငံရေး သဘောထား ကွဲလွဲမှုများကို နက်ရှိုင်းစေခဲ့သည်။

တူရကီနိုင်ငံ၏ ကာ့ဒ်လိုလားသည့် DEM သည် ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလက အိုကလန်နှင့် တွေ့ဆုံခဲ့ပြီး တူရကီ သမ္မတ တေယစ် အာဒိုဂန် (Tayyip Erdogan) ၏ AK ပါတီ အပါအဝင် အခြားပါတီများနှင့် ဆွေးနွေးပွဲများ ပြုလုပ်ခဲ့သည်။

ထိုဆွေးနွေးပွဲများအတွင်း အိုကလန်၏ အဆိုပြုချက်များကို ဆွေးနွေးခဲ့ရာတွင် သက်ဆိုင်ရာ ပါတီများက ဆွေးနွေး ညှိနှိုင်းမှုများသည် အပြုသဘောဆောင်ကြောင်း ပြောကြားခဲ့ကြသည်။

တူရကီနဲ့ ကာ့ဒ်တပ်ဖွဲ့ ဆွေးနွေးကြစဉ်

သို့သော် ဆီးရီးယားနိုင်ငံတွင် အာရှာအယ် အာဆတ် (Bashar al-Assad) အစိုးရအဖွဲ့ ပြုတ်ကျသွားမှုနှင့်အတူ ပြောင်းလဲလာသည့် နိုင်ငံရေး အခင်းအကျင်းကြောင့် အမေရိကန်က ထောက်ပံ့ပေးထားသော ဆီးရီးယား ကာ့ဒ် လက်နက်ကိုင် အဖွဲ့များသည် တူရကီက ထောက်ပံ့ပေးထားသည့် ဆီးရီးယား လက်နက်ကိုင်တပ်များနှင့် တိုက်ခိုက်မှုများ ဖြစ်ပွားနေသဖြင့် တူရကီနှင့် PKK အကြား ဆွေးနွေးပွဲ လုပ်ငန်းစဉ်များအတွက် စိန်ခေါ်မှုဖြစ်လာခဲ့ သည်။

တူရကီကမူ ဆီးရီးယားနိုင်ငံအတွင်းရှိ ကာ့ YPG ပြည်သူ့စစ်များကို လက်နက်ဖြုတ်သိမ်းခြင်း မပြုပါက ဆီးရီးယား နိုင်ငံမြောက်ပိုင်းသို့ နယ်စပ်ဖြတ်ကျော်ပြီး စစ်ဆင်ရေး ပြုလုပ်မည်ဟု သတိပေးထားသည်။

YPG ကာ့ဒ် လက်နက်ကိုင်အဖွဲ့သည် PKK ၏ လက်အောက်တွင်ရှိသော်လည်း YPG ကာ့ဒ်များသည် အမေရိကန် နှင့် မဟာမိတ်ဖွဲ့ကာ ဆီးရီးယားရှိ အိုင်အက်စ် စစ်သွေးကြွများကို တိုက်ခိုက်နေသဖြင့် တူရကီအစိုးရနှင့် များပြား သည့် ကာ့ဒ်လက်နက်ကိုင် အဖွဲ့များအကြား ဆက်ဆံရေးသည် ပိုမိုရှုပ်ထွေးလာခဲ့ကြောင်း ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။

Source: ရိုက်တာ