CNI International News

အစ္စတန်ဘူလ်၊ အောက်တိုဘာ ၆

တူရကီသည် အီရတ်နိုင်ငံရှိ ကာ့ဒ်ပစ်မှတ်များကို အောက်တိုဘာ ၄ ရက်က တိုက်ခိုက်မှုအသစ်များ လုပ်ဆောင်ခဲ့ ပြီး နယ်စပ်ဖြတ်ကျော် တိုက်ခိုက်သည့် လေကြောင်းစီးနင်းမှုများ ပိုမိုပြင်းထန်လာမည်ဟု တူရကီမှ သတိပေးခဲ့ ကြောင်း ဘန်ကောက်ပို့စ်က ဖော်ပြခဲ့သည်။ 

ဆီးရီးယားမှ ဝင်ရောက်လာသည့် စစ်သွေးကြွများသည် တူရကီ၏ အန်ကာရာမြို့တော်တွင် ပြီးခဲ့သည့် သီတင်း ပတ်ကုန်က တိုက်ခိုက်မှု ပြုလုပ်ခဲ့ပြီးနောက် တူရကီ၏ သတိပေးချက် ထွက်ပေါ်ခဲ့ခြင်း ဖြစ်သည်။

အန်ကာရာမြို့တော်၏ အစိုးရရုံးများ အခြေစိုက်သည့် ခရိုင်တွင် အောက်တိုဘာ ၁ ရက်က ဖြစ်ပွားခဲ့သည့် တိုက်ခိုက်မှုကို တုံ့ပြန်ရန်အတွက် ပြင်ဆင်မှုများ ပြုလုပ်ရန် တူရကီအစိုးရသည် ကာကွယ်ရေးနှင့် ထောက်လှမ်းရေး အကြီးအကဲများ ပါဝင်သည့် အမျိုးသား လုံခြုံရေး အစည်းအဝေးကို ခေါ်ယူခဲ့သည်။

 ကာ့ဒ် အလုပ်သမား ပါတီ (PKK)ကို တွေ့ရစဉ်

တူရကီ ပြည်ထဲရေး ဝန်ကြီးဌာန အပြင်ဘက်တွင် ဖြစ်ပွားခဲ့သည့် အသေခံ ဗုံးခွဲတိုက်ခိုက်မှု၌ ရဲတပ်ဖွဲ့သည် စစ်သွေးကြွတစ်ဦးကို ပစ်ခတ် သတ်ဖြတ်ခဲ့သလို နောက်တစ်ဦးသည် အသေခံဗုံးခွဲမှုမှာပဲ သေဆုံးခဲ့သည်။

ထို့နောက် တူရကီ လုံခြုံရေးအရာရှိ ၂ ဦး ဒဏ်ရာရရှိခဲ့သည်။

ထိုတိုက်ခိုက်မှုကို တူရကီနှင့် ၎င်း၏ အနောက်နိုင်ငံများမှ မဟာမိတ်များက အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ် ထားသည့် ကာ့ဒ် အလုပ်သမား ပါတီ (PKK) က ၎င်းတို့ လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ကြေညာခဲ့သည်။ 

"အကြမ်းဖက် သမားနှစ်ဦးဟာ ဆီးရီးယားမှာ တိုက်ခိုက်ရေး သင်တန်းတွေ လေ့ကျင့်ခဲ့ပြီး တူရကီနိုင်ငံထဲကို ဝင်ရောက် လာတယ်ဆိုတာ ပိုမိုရှင်းလင်း လာခဲ့ပါတယ်။ အခုအခါမှာတော့ အီရတ်နဲ့ ဆီးရီးယားမှာရှိတဲ့ ကာ့ဒ် လက်နက်ကိုင်အဖွဲ့တွေ ပိုင်ဆိုင်တဲ့ ကြီးမားတဲ့ အဆောက်အအုံတွေနဲ့ စွမ်းအင် အဆောက်အအုံတွေဟာ ကျနော် တို့ လုံခြုံရေးတပ်ဖွဲ့တွေအတွက် တရားဝင်မှုရှိတဲ့ ပစ်မှတ်တွေ ဖြစ်လာခဲ့ပါပြီ"ဟု တူရကီနိုင်ငံခြားရေးဝန်ကြီး ဟက်ကန် ဖီဒန်က ပြောကြားခဲ့သည်။ 

အီရတ် ဝန်ကြီးချုပ် သာဘက် အယ် အဘက်စီကို တွေ့ရစဉ်

အဆိုပါ အဆောက်အအုံများနှင့် ခပ်ဝေးဝေးတွင် နေထိုင်ရန် အီရတ်နှင့် ဆီးရီးယား အာဏာပိုင်များကို အကြံပြုလို ကြောင်း ဖီဒန်က ပြောသည်။ 

တူရကီသည် အောက်တိုဘာ ၁ ရက်က အန်ကာရာ တိုက်ခိုက်မှုအပြီး နာရီပိုင်းအကြာတွင် အီရတ်နိုင်ငံ မြောက်ပိုင်းရှိ PKK တပ်ဖွဲ့များ၏ စခန်းများကို လေကြောင်း တိုက်ခိုက်ခဲ့သည်။ 

အောက်တိုဘာ ၄ ရက်တွင်လည်း အီရတ်၏ ခရိုင် ၅ ခုတွင် လေကြောင်း တိုက်ခိုက်မှုများကို ပြုလုပ်ခဲ့ပြီး အကြမ်းဖက်သမား အများအပြားအား ချေမှုန်းနိုင်ခဲ့သည်ဟု တူရကီကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။ 

ထိုလေကြောင်း တိုက်ခိုက်မှုများကြောင့် အီရတ်နှင့် တူရကီအကြား တင်းမာမှုများ မြင့်တက်နေသဖြင့် အီရတ် ဝန်ကြီးချုပ် သာဘက် အယ် အဘက်စီ (Thabet al-Abbasi) သည် အန်ကာရာမြို့တော်တွင် တူရကီကာကွယ်ရေး ဝန်ကြီးနှင့် တွေ့ဆုံဆွေးနွေးရန် စီစဉ်ထားသည်။

Source: ဘန်ကောက်ပို့စ်