CNI International News

ဂျကာတာ၊ အောက်တိုဘာ ၆

စစ်တပ်၏ အကြီးစား စစ်လက်နက်ပစ္စည်းများကို အဆင့်မြှင့်တင်ရေးသည် အရေးကြီးသော်လည်း စစ်အသုံးစရိတ် ကို ချင့်ချိန်ပြီး အသုံးပြုသင့်သည်ဟု အင်ဒိုနီးရှားသမ္မတ ဂျိုကို ဝီဒိုဒို (Joko Widodo) က အောက်တိုဘာ ၅ ရက် တွင် ပြောကြားခဲ့ကြောင်း ရိုက်တာမှ ဖော်ပြခဲ့သည်။

လူဦးရေ သန်း ၂၇၀ ရှိသည့် အင်ဒိုနီးရှားနိုင်ငံသည် အရှေ့တောင်အာရှ၏ စီးပွားရေး အင်အား အကြီးဆုံးနိုင်ငံ ဖြစ်ပြီး စစ်တပ်ကို အဆင့်မြှင့််တင်ရန် ကြိုးပမ်းနေသော်လည်း မကြာသေးမီ နှစ်များအတွင်း တခြားသော ဒေသ တွင်း အင်အားကြီးနိုင်ငံများ၏ စစ်အင်အားနှင့် နှိုင်းယှဉ်ပါက နောက်ကောက်ကျနေသည်။

"စစ်လက်နက်ပစ္စည်းတွေ အဆင့်မြှင့်တင်မှုအတွက် အသုံးစရိတ်ကို လျာထားချက်နဲ့ ကိုက်ညီအောင် ချင့်ချိန်ပြီး သုံးစွဲရပါလိမ့်မယ်"ဟု ဝီဒိုဒိုက စစ်ရေးပြ အခမ်းအနားတွင် ပြောကြားခဲ့သည်။

အင်ဒိုနီးရှားသမ္မတ ဂျိုကို ဝီဒိုဒိုကိုတွေ့ရစဉ်

လာမည့်နှစ်တွင် ပြုလုပ်မည့် ရွေးကောက်ပွဲ၌ သမ္မတရွေးကောက်ပွဲ ဝင်ရောက် ယှဉ်ပြိုင်ဖွယ်ရှိသည့် ကာကွယ်ရေး ဝန်ကြီး ပရာဘိုဝို ဆူဘီယန်တို (Prabowo Subianto) က ဒေါ်လာ ၈ ဒသမ ၁ ဘီလျံ တန်ကြေးရှိ Dassault Rafale တိုက်လေယာဉ် ၄၂ စင်း၊ Turkish Aerospace ကုမ္ပဏီမှ ဒေါ်လာ သန်း ၃၀၀ တန်ကြေးရှိ ဒရုန်းအသစ် ၁၂ စင်းနှင့် ဒေါ်လာ သန်း ၈၀၀ တန်ကြေးရှိ Mirage 2000-5 တိုက်လေယာဉ် ၁၂ စင်း အပါအဝင် စစ်လက်နက်ပစ္စည်း များ ဝယ်ယူမှုကို ဦးဆောင်ပြုလုပ်ခဲ့သည်။

ကာကွယ်ရေးဝန်ကြီးဌာန အပါအဝင် လုံခြုံရေးအေဂျင်စီများ၏ အသုံးစရိတ်သည် အလွန်များပြားနေကြောင်းနှင့် ကောင်းမွန်မျှတသည့် ဘတ်ဂျက်ကို ထိန်းသိမ်းထားရန် ဝီဒိုဒိုက ဇူလိုင်လအတွင်း အစိုးရအဖွဲ့ကို သတိပေးခဲ့သည်။

ပြီးခဲ့သည့် ဆယ်စုနှစ်အတွင်း အင်ဒိုနီးရှား၏ ကာကွယ်ရေး အသုံးစရိတ်သည် နိုင်ငံ့ ဂျီဒီပီ၏ ရာခိုင်နှုန်းနှင့် တွက်ကြည့်ပါက အရှေ့တောင်အာရှ၏ ပေါ်ထွန်းစ ဈေးကွက်စီးပွားရေးနိုင်ငံ ခြောက်နိုင်ငံထဲတွင် အနိမ့်ဆုံး အသုံးစရိတ်ဖြစ်ကြောင်း စတော့ဟုမ်း နိုင်ငံတကာ ငြိမ်းချမ်းရေး သုတေသနဌာန (Stockholm International Prace Research Institute)၏ အချက်အလက်များတွင် ဖော်ပြခဲ့သည်။

Source: ရိုက်တာ