CNI International News

အန်ကာရာ၊ မတ်လ ၃

တူရကီအစိုးရနှင့် တိုက်ပွဲဖြစ်ပွားနေသည့် ကာ့ဒ်အလုပ်သမားပါတီ(PKK) တပ်ဖွဲ့များက မတ်လ ၁ ရက်တွင် အပစ်အခတ်ရပ်စဲကြောင်း ကြေညာခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။

ထောင်ဒဏ် ချမှတ်ခံထားရသည့် PKK ခေါင်းဆောင် အော်ကလန် (Abdullah Ocalan) က လက်နက် ဖျက်သိမ်း ရန် တိုက်တွန်းမှုနှင့်အတူ ယခုကဲ့သို့ အပစ်အခတ်ရပ်စဲရေး ကြေညာမှုသည် နှစ်ပေါင်း ၄၀ ကြာ ဖြစ်ပွားနေသော သောင်းကျန်းမှုကို အဆုံးသတ်စေနိုင်သည့် ရှေ့ပြေးလက္ခဏာ တစ်ခုဖြစ်သည်ဟု ပြောကြားခဲ့သည်။

ဖေဖော်ဝါရီ ၂၇ ရက်က အော်ကာလန်သည် PKK အဖွဲ့ကို လက်နက်ချရန်နှင့် အဖွဲ့ကို ဖျက်သိမ်းရန် တိုက်တွန်း ခဲ့ပြီး တူရကီသမ္မတ အာဒိုဂန် (Tayyip Erdogan) ၏ အစိုးရနှင့် ကာ့ဒ်လိုလားသည့် DEM  ပါတီတို့ကလည်း အော်ကာလန်၏ တိုက်တွန်းချက်ကို ထောက်ခံခဲ့ကြသည်။

အပစ်အခတ်ရပ်စဲရေးသည် ကာ့ဒ်ဒေသအတွက် ရှုပ်ထွေးမှုများ အများအပြားရှိနိုင်ပြီး အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် အောင်မြင်ခဲ့မည်ဆိုပါက လူပေါင်း ၄၀,၀၀၀ ကျော် သေဆုံးခဲ့သည့် ပဋိပက္ခကို အဆုံးသတ် စေမည်ဖြစ်သည်။

ကာ့ဒ် PKK ပါတီ ခေါင်းဆောင် အော်ကလန်ကို တွေ့ရစဉ်

၁၉၈၄ ခုနှစ်က လက်နက်ကိုင် သောင်းကျန်းမှု စတင်ခဲ့သည့် PKK အဖွဲ့သည် လက်ရှိတွင် အီရတ်နိုင်ငံ မြောက်ပိုင်း ရှိ တောင်တန်းဒေသများ၌ အခြေစိုက်ထားသည်။

ထိုအပစ်အခတ်ရပ်စဲရေး သဘောတူညီချက်သည် အာဒိုဂန်အတွက် ပြည်တွင်းထောက်ခံမှု မြင့်တက်စေနိုင်ပြီး ပဋိပက္ခကြောင့် လူပေါင်းများစွာ သေဆုံးပြီး စီးပွားရေး ထိခိုက်ခဲ့ရသည့် နိုင်ငံအရှေ့တောင်ပိုင်းတွင် ငြိမ်းချမ်းရေး နှင့် ဖွံ့ဖြိုးတိုးတက်မှုများ ရရှိနိုင်မည့် သမိုင်းဝင် အခွင့်အလမ်း တစ်ခုဖြစ်သည်။

PKK အဖွဲ့ကမူ တူရကီအစိုးရအနေဖြင့် ၁၉၉၉ ခုနှစ်ကတည်းက အကျဉ်းချခံထားရသည့် အော်ကလန်ကို လွှတ်ပေးရန် မျှော်လင့်ကြောင်း၊ သို့မှသာ အော်ကလန်သည် လက်နက်ဖျက်သိမ်းရေး လုပ်ငန်းစဉ်ကို လွတ်လွတ် လပ်လပ် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့ပြင် အပစ်အခတ်ရပ်စဲရေး အောင်မြင်စေရန်အတွက် နိုင်ငံရေးနှင့် ဒီမိုကရေစီ အခြေအနေများကို မဖြစ်မနေ ထူထောင်ရမည်ဟုလည်း PKK အဖွဲ့က ပြောကြားခဲ့သည်။

တူရကီနှင့် အနောက်မဟာမိတ်နိုင်ငံများက အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ထားသည့် PKK ကမူ အဖွဲ့ဝင်များ ကို စုရုံးခေါ်ယူပြီး အစည်းအဝေး ပြုလုပ်ရန် အဆင်သင့်ရှိကြောင်း၊ သို့သော် လုံခြုံရေး အာမခံချက်များ ပေးရမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

Source: ရိုက်တာ