CNI International News
ဝါရှင်တန်၊ မတ် ၃
အိမ်ဖြူတော်တွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) နှင့် ယူကရိန်းသမ္မတ ဇာလန်းစကီး (Volodymyr Zelensky) တို့အကြား အချေအတင် စကားများခဲ့ပြီးနောက် ထရမ့်၏ ရီပတ်ဘလစ်ကန်ပါတီဝင်များ အကြား သဘောထား ကွဲလွဲမှုများရှိလာကြောင်း South China Morning Post မှ ဖော်ပြခဲ့သည်။
ရီပတ်ဘလစ်ကန် လွှတ်တော်အမတ်များအကြား သဘောထား ကွဲလွဲမှုကြောင့် ရုရှားနှင့် စစ်ပွဲ ဖြစ်ပွားနေသည့် ယူကရိန်းအတွက် နောက်ထပ် အကူအညီများကို အတည်ပြုမည့် လွှတ်တော်၏ ဆုံးဖြတ်ချက်အား မှေးမှိန်သွား စေခဲ့သည်။
မတ်လ ၁ ရက်က ရီပတ်ဘလစ်ကန် အထက်လွှတ်တော်အမတ် လီဆာ မာကောစကီး (Lisa Murkowski)က ယူကရိန်းအတွက် အမေရိကန်၏ အထောက်အပံ့များကို အဆုံးသတ်တော့မည်ဟု အိမ်ဖြူတော်ထံမှ သတင်း သဲ့သဲ့ကြားရကြောင်း ပြောကြားခဲ့သည်။
“အစိုးရအဖွဲ့က ကမ္ဘာတစ်ဝန်းက အမေရိကန်ရဲ့ စံတန်ဖိုးတွေနဲ့ ဒီမိုကရေစီအတွက် ခြိမ်းခြောက်မှုဖြစ်တဲ့ ပူတင် (Putin) ကို လက်ခံပြီး ကျမတို့ရဲ့ မဟာမိတ်တွေကို ကျောခိုင်းတော့မယ့် အလားအလာ ရှိနေတာကြောင့် တော်တော် စိတ်ပျက်မိပါတယ်”ဟု လီဆာက ပြောကြားခဲ့သည်။
ဇာလန်းစကီးနဲ့ ဒေါ်နယ်ထရမ့်ကို တွေ့ရစဉ်
ယူကရိန်းကို ကာလကြာရှည် ထောက်ခံပေးခဲ့သည့် ရီပတ်လစ်ကန် အမတ်အချို့ကမူ ဇာလန်းစကီးနှင့် ထရမ့်တို့ စကားများခဲ့ပြီးနောက် ၎င်းတို့၏ လေသံများ ပြောင်းလဲသွားခဲ့ကာ ဇာလန်းစကီးသည် အရိုအသေ ကင်းမဲ့ကြောင်း စွပ်စွဲခဲ့ကြသည်။
ရီပတ်ဘလစ်ကန် အထက်လွှတ်တော်အမတ် လင်ဆေး ဂရေဟမ် (Lindsey Graham) ကမူ ဇာလန်းစကီး အနေဖြင့် ၎င်း၏ လေသံကို ပြောင်းလဲရန်နှင့် ရာထူးမှ နုတ်ထွက်ရန် ပြောကြားခဲ့သည်။
“ဘဲဥပုံရုံးခန်းထဲမှာ ဖြစ်ပျက်သွားတာတွေက တော်တော်ကို အရိုအသေ ကင်းမဲ့ပါတယ်။ ကျနော်တို့ ဇာလန်းစကီး နဲ့ အလုပ်ထပ်လုပ်နိုင်မလားဆိုတာ မသိတော့ပါဘူး”ဟု ထရမ့်၏ အနီးကပ် မဟာမိတ်ဖြစ်သည့် ဂရေဟမ်က ပြောကြားခဲ့သည်။
“သူ့အနေနဲ့ ရာထူးက နုတ်ထွက်ဖို့ လိုပါတယ်။ ပြီးတော့ ကျနော်တို့နဲ့ အဆင်ပြေပြေ ဆက်ဆံနိုင်တဲ့ တစ်ယောက် ယောက်ကို စေလွှတ်ဖို့လိုပါတယ်။ ဒါမှမဟုတ် သူကိုယ်တိုင်က သဘောထားကို ပြောင်းလဲဖို့ လိုအပ်ပါတယ်” ဟု တောင်ကာရိုလိုင်းနား (South Carolina) ပြည်နယ် အထက်လွှတ်တော်အမတ်ဖြစ်သည့် ဂရေဟမ်က ပြောကြားခဲ့ သည်။
Source: South China Morning Post