CNI International News
အန်ကာရာ၊ နိုဝင်ဘာ ၂၇
တူရကီနိုင်ငံတွင် အစိုးရနှင့် ကာ့ဒ်အလုပ်သမားပါတီ (PKK) ကြား ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များအတွက် လက်ရှိ တူရကီအကျဉ်းထောင်ထဲ၌ အကျဉ်းချခံထားရသည့် PKK ခေါင်းဆောင် အဗ္ဗဒူလာ အော်ကလန် (Abdullah Ocalan) က အဓိကကျသည့် အခန်းကဏ္ဍမှာ ရှိနေကြောင်း ရိုက်တာမှ ဖော်ပြခဲ့သည်။
အော်ကလန်သည် အကျဉ်းထောင်ထဲတွင် ၂၆ နှစ်ကြာ အကျဉ်းချ ခံခဲ့ရပြီးနောက် PKK ၏ ဆယ်စုနှစ် လေးစုကြာ လက်နက်ကိုင် သောင်းကျန်းမှုကို အဆုံးသတ်ရန် ကြိုးပမ်းခဲ့သည့် အနေဖြင့် ယခုနှစ် အစောပိုင်း၌ ၎င်း၏ PKK အဖွဲ့အား လက်နက်များ ဖြုတ်သိမ်းရန် အကျဉ်းထောင်ထဲမှတစ်ဆင့် တိုက်တွန်းခဲ့သည်။
နိုဝင်ဘာ ၂၄ ရက်တွင်လည်း တူရကီလွှတ်တော်အမတ် ၃ ဦးသည် အော်ကလန်ထံ သွားရောက် တွေ့ဆုံခဲ့ပြီး ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နှင့် ပတ်သက်ပြီး ဆွေးနွေးခဲ့သည်။
PKK အဖွဲ့သည် ၎င်းတို့ခေါင်းဆောင် အော်ကလန်၏ တိုက်တွန်းချက်အရ ၎င်းတို့အဖွဲ့အစည်းကို ဖျက်သိမ်းပြီး လက်နက်များကိုလည်း ဖြုတ်သိမ်းမည်ဟု မေလက ကြေညာခဲ့သည်။
ဇူလိုင်လတွင် PKK အဖွဲ့သည် လက်နက်များကို မီးရှို့ပြခဲ့ပြီး တူရကီရှိ ၎င်းတို့တပ်ဖွဲ့ဝင်များကိုလည်း ပြန်လည် ရုပ်သိမ်းကြောင်း ကြေညာခဲ့သည်။

တူရကီနဲ့ ကာ့ဒ်သူပုန် ငြိမ်းချမ်းရေး ဆွေးနွေးရေးအဖွဲ့ကို တွေ့ရစဉ်
သို့သော်လည်း လူပေါင်း ၄၀,၀၀၀ ကျော် သေဆုံးစေခဲ့သည့် လက်နက်ကိုင် တိုက်ခိုက်မှုများ ဖြစ်ပွားပြီးနောက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အပြီးသတ် အကောင်အထည်ဖော်ရန် လုပ်ဆောင်စရာများစွာ ကျန်ရှိနေသေးပြီး PKK အဖွဲ့အပေါ် အကြွင်းမဲ့ ဩဇာညောင်းသည့် PKK ခေါင်းဆောင် အော်ကလန်၏ အခန်းကဏ္ဍကလည်း အရေးပါနေသည်။
အော်ကလန်ကို အကျဉ်းချထားသည့် Imrail အကျဉ်းထောင်ကို သွားရောက် တွေ့ဆုံခဲ့သည့် လွှတ်တော်အမတ် ၃ ဦးကမူ PKK အဖွဲ့ ဖျက်သိမ်းရေး၊ ဆီးရီးယားကာ့ဒ်တပ်ဖွဲ့များ နှင့်ပတ်သက်သည့် အော်ကလန်၏ ကြေညာချက် များကို လွှတ်တော်သို့ တင်ပြခဲ့သည်။
အကယ်၍ ငြိမ်းချမ်းရေး ရရှိခဲ့မည်ဆိုပါက တူရကီသမ္မတ အာဒိုဂန် (Tayyip Erdogan) အတွက် ကြီးမားသည့် အကျိုးကို ရရှိစေမည်ဖြစ်သည်။
အထူးသဖြင့် ၎င်း၏ သမ္မတသက်တမ်းကို ၂၀၂၈ ခုနှစ်ထက် မကျော်လွန်စေရန် ကန့်သတ်ထားသည့် အခြေခံ ဥပဒေကို ပြင်ဆင်ခြင်း၊ ရွေးကောက်ပွဲ စောစောစီးစီး ပြုလုပ်ခြင်းတို့တွင် အာဒိုဂန်သည် ကာ့ဒ်လူမျိုးများ၏ ထောက်ခံမှုကို ရရှိနိုင်သည်ဟု ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။
Source: ရိုက်တာ
