CNI International News

ဆိုးလ်၊ ဒီဇင်ဘာ ၆

တောင်ကိုရီးယားကို နျူကလီးယား စွမ်းအင်သုံး ရေငုပ်သင်္ဘောများ တည်ဆောက်ပေးရန် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) က အတည်ပြု ထောက်ခံပေးခဲ့ပြီးနောက် တောင်ကိုရီးယားသည် နျူကလီးယား စွမ်းအင်သုံး ရေငုပ်သင်္ဘောများ ပိုင်ဆိုင်ရေးအတွက် အားထုတ်ကြိုးပမ်းမှုများကို အရှိန်မြှင့်တင်လာခဲ့ကြောင်း ရိုက်တာမှ ဖော်ပြခဲ့သည်။

ထိုအပြောင်းအလဲသည် အာရှ၏ မဟာဗျူဟာမြောက် ဟန်ချက်ညီမှုကို ပုံစံတစ်မျိုး ပြောင်းလဲသွားစေနိုင်ပြီး အာရှတွင် ရေအောက်လက်နက်များ ပြိုင်ဆိုင်မှု မြင့်တက်လာနိုင်သည်ဟု လေ့လာသူများက သတိပေးခဲ့သည်။

တောင်ကိုရီးယားသည် မြောက်ကိုရီးယား၏ ရေငုပ်သင်္ဘောမှ ပစ်လွှတ်သည့် ဒုံးကျည် စွမ်းဆောင်ရည်များကို တန်ပြန်ရန် နျူကလီးယားနည်းပညာကို ကာလကြာရှည် ကြိုးပမ်းအားထုတ်ခဲ့သည်။

ထရမ့်၏ ခွင့်ပြုချက်အရ တောင်ကိုရီးယားသည် နျူကလီးယား သဘောတူညီမှုအောက်တွင် လောင်စာများကို ရယူခွင့်ရှိလာခဲ့သည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ တောင်ကိုရီးယားသမ္မတ လီကို တွေ့ရစဉ် 

တောင်ကိုရီးယားကမူ ၎င်းတို့သည် နျူကလီးယား လက်နက်များ ထုတ်လုပ်ရန် ရည်ရွယ်မထားကြောင်း ပြောကြား ခဲ့ပြီး နျူကလီးယားလက်နက်များ ပျံ့ပွားခြင်း မရှိစေရန် လုပ်ဆောင်သွားမည်ဟု ကတိပြုခဲ့သည်။

သို့သော် တောင်ကိုရီးယား၏ နျူကလီးယား စွမ်းအင်သုံး ရေငုပ်သင်္ဘောများ ပိုင်ဆိုင်ရေး ရည်ရွယ်ချက်ကို တရုတ် က ဆန့်ကျင်ဖွယ်ရှိပြီး ဂျပန်ကမူ တောင်ကိုရီးယားနည်းတူ နျူကလီးယား စွမ်းအင်သုံး ရေငုပ်သင်္ဘောများ ပိုင်ဆိုင် ရန် စဉ်းစားလာဖွယ်ရှိသည်ဟု ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။

"ရေငုပ်သင်္ဘောတွေဟာ အရမ်းထိရောက်တဲ့ တိုက်ခိုက်ရေး စနစ်တွေပါ။ ဒေသတွင်း လက်နက် အပြိုင်အဆိုင် တပ်ဆင်လာမယ့် အခြေအနေဟာ ကျိန်းသေဖြစ်လာမှာပါ" ဟု တောင်ကိုရီးယား ရေငုပ်သင်္ဘော ကပ္ပတိန်ဟောင်း ဖြစ်သည့် ချွဲအီ (Choi Il) က ပြောကြားခဲ့သည်။

လက်ရှိတွင် အမေရိကန်၊ ရုရှား၊ တရုတ်၊ ပြင်သစ်၊ အိန္ဒိယနှင့် ဗြိတိန်နိုင်ငံများတွင်သာ နျူကလီးယား စွမ်းအင်သုံး ရေငုပ်သင်္ဘောများရှိနေပြီး ၂၀၂၁ ခုနှစ်က အမေရိကန်-ဗြိတိန်-သြစတြေးလျတို့၏ (AUKUS) သဘောတူညီချက် အရ သြစတြေးလျသည်လည်း နျူကလီးယား စွမ်းအင်သုံး ရေငုပ်သင်္ဘောများကို ရရှိပိုင်ဆိုင်တော့မည်ဖြစ်သည်။

တောင်ကိုရီးယားသည် မြောက်ကိုရီးယား၏ နျူကလီးယား စီမံကိန်းနှင့်ပတ်သက်ပြီး ပဋိပက္ခ ဖြစ်ပွားခဲ့သည့် ၁၉၉၄ နျူကလီးယား အကျပ်အတည်း ကာလကတည်းက နျူကလီးယား စွမ်းအင်သုံး ရေငုပ်သင်္ဘောများရရှိရန် ကြိုးပမ်းခဲ့ခြင်းဖြစ်သည်။

Source: ရိုက်တာ