CNI International News
ဆိုးလ်၊ အောက်တိုဘာ ၃၁
တောင်ကိုရီးယားကို အမေရိကန်တွင် နျူကလီးယား စွမ်းအင်သုံး ရေငုပ်သင်္ဘောတစ်စင်း တည်ဆောက်ခွင့် ပြုပေးခဲ့ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump)က အောက်တိုဘာ ၃၀ ရက်၌ ပြော ကြားခဲ့သည်ဟု DW သတင်းဝက်ဘ်ဆိုက်မှ ဖော်ပြခဲ့သည်။
ထရမ့်သည် တောင်ကိုရီးယားတွင် တောင်ကိုရီးယားသမ္မတ လီဂျေမြောင် (Lee Jae Myung) နှင့် တွေ့ဆုံခဲ့ ပြီးနောက် ထိုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
ထို့ပြင် တရုတ်သမ္မတ ရှီကျင့်ဖျင် (Xi Jinping) နှင့် တွေ့ဆုံသည့် အစည်းအဝေး မတိုင်မီ ထရမ့်၏ မှတ်ချက်စကား ထွက်ပေါ်လာခြင်းဖြစ်သည်။
တရုတ်သည်လည်း နျူကလီးယား ရေငုပ်သင်္ဘောများကို ပိုင်ဆိုင်ထားသည့် နိုင်ငံဖြစ်သည်။
“သူတို့ (တောင်ကိုရီးယား) မှာ အခုရှိနေတဲ့ ခေတ်မမီဘဲ လျင်မြန်မှုနည်းတဲ့ ဒီဇယ် စွမ်းအင်သုံး ရေငုပ်သင်္ဘောတွေ ထက်စာရင် နျူကလီးယား စွမ်းအင်သုံး ရေငုပ်သင်္ဘောတစ်စင်း တည်ဆောက်ဖို့ ကျနော် ခွင့်ပြုပေးခဲ့ပါတယ်” ဟု ထရမ့်က ၎င်း၏ Truth Social လူမှုမီဒီယာတွင် ရေးသားခဲ့သည်။

ရေငုပ်သင်္ဘောကို တွေ့ရစဉ်
ထိုရေငုပ်သင်္ဘောကို အမေရိကန်၏ ဖီလာဒဲဖီးယား(Philadelphia) မြို့တွင် တည်ဆောက် သွားမည်ဟုလည်း ထရမ့်က ပြောကြားခဲ့သည်။
“ကျနော်တို့နိုင်ငံမှာ သင်္ဘော တည်ဆောက်မှုဟာ မကြာခင် အချိန်အတွင်းမှာပဲ အင်နဲ့အားနဲ့ အရှိန်ပြန်ကောင်း လာပါလိမ့်မယ်”ဟု ၎င်းက ဆိုသည်။
တောင်ကိုရီးယားသမ္မတ လီသည် နျူကလီးယား စွမ်းအင်သုံး ရေငုပ်သင်္ဘောများအတွက် လောင်စာများ ရယူခွင့်ပေးရန် ထရမ့်ကို တောင်းဆိုခဲ့သည်ဟု ဆိုသည်။
နျူကလီးယား စွမ်းအင်သုံး ရေငုပ်သင်္ဘောများသည် တောင်ကိုရီးယားအတွက် ရေရှည်တွင် မြောက်ကိုရီးယားနှင့် တရုတ် သင်္ဘောများကို ခြေရာခံရာ၌ ပိုမိုကောင်းမွန်စွာ အထောက်အကူ ဖြစ်စေမည်ဖြစ်သည်။
နျူကလီးယား ရေငုပ်သင်္ဘော နည်းပညာသည် အမေရိကန်တွင် အလွန် ထိလွယ်ရှလွယ်ရှိပြီး လုံခြုံစွာ ကာကွယ် ထားသည့် နည်းပညာများထဲ၌ တစ်ခုအဖြစ် သတ်မှတ်ခံထားရသည်။
Source: DW
 
	    	  	
	    	       
	    
	  	   
			 
			 
                        
