CNI International News

တိုကျို၊ မတ်လ ၃၁

တရုတ်၏ ရန်လိုမှုကို ကိုင်တွယ်ဖြေရှင်းရာတွင် ဂျပန်သည် မရှိမဖြစ်လိုအပ်ကြောင်း အမေရိကန် ကာကွယ်ရေး ဝန်ကြီး ပိဟက်ဆက် (Pete Hegseth)က မတ်လ ၃၀ ရက်၌ ပြောကြားခဲ့ကြောင်း ရိုက်တာမှ ဖော်ပြခဲ့သည်။

အမေရိကန်သည် ထိုင်ဝမ်ရေလက်ကြား အပါအဝင် ဒေသတွင်း၌ ယုံကြည်စိတ်ချရသည့် အခြိမ်းအခြောက် အဟန့် အတားကို ထူထောင်နေချိန်တွင် ဂျပန်၏အခန်းကဏ္ဍကို ထိုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

“ကျနော်တို့ဟာ ကျနော်တို့ရဲ့ တပ်ဖွဲ့တွေကို အဓိပ္ပာယ်ဖွင့်ဆိုပေးတဲ့ စစ်သူရဲကောင်း စိတ်ဓာတ်ကို မျှဝေထားပါ တယ်”ဟု ဟက်ဆက်က  ဂျပန်ကာကွယ်ရေးဝန်ကြီး ဂျန် နာကာတာနီ (Gen Nakatani) နှင့် တိုကျိုတွင် ပြုလုပ်သည့် အစည်းအဝေး၌ ပြောကြားခဲ့သည်။

ဂျပန်သည် အင်ဒို-ပစိဖိတ်ဒေသတွင်း ငြိမ်းချမ်းရေးနှင့် လုံခြုံရေးအတွက် အခြေခံအုတ်မြစ်ဖြစ်ကြောင်း ဟက်ဆက် က ပြောကြားခဲ့ပြီး သမ္မတဒေါ်နယ်ထရမ့် (Donald Trump) ၏ အစိုးရသည် ယခင်က အစိုးရများကဲ့သို့ပင် ၎င်း၏ အဓိကအာရှမဟာမိတ်ဖြစ်သည့် ဂျပန်နှင့် နီးကပ်စွာ ဆက်လက် ဆောင်ရွက်သွားမည်ဟု ဆိုသည်။

ဂျပန်ကာကွယ်ရေးဝန်ကြီး ဂျန် နာကာတာနီနဲ့ အမေရိကန်ကာကွယ်ရေးဝန်ကြီး ပိဟက်ဆက်ကို တွေ့ရစဉ်

ဂျပန်တွင် အမေရိကန် စစ်သား ၅၀,၀၀၀ ဝန်းကျင်နှင့် တိုက်လေယာဉ်အုပ်စုများ တပ်စွဲထားပြီး တရုတ် စစ်အင်အားကို တန်ပြန်သည့် အနေဖြင့် ကီလိုမီတာ ၃၀၀၀ ခန့်ရှိသော ဂျပန်ကျွန်းစုတစ်လျှောက် လေယာဉ်တင် သင်္ဘော ဦးဆောင်သည့် တိုက်ခိုက်ရေး စစ်သင်္ဘောအုပ်စုကို ဖြန့်ကြက်ချထားသည်။

ဟက်ဆက်သည် ဖေဖော်ဝါရီလက ဥရောပမဟာမိတ် နိုင်ငံများကို ဝေဖန်ခဲ့ပြီး အမေရိကန်၏ လုံခြုံရေး ထောက်ပံ့မှုသည် အမြဲရှိနေလိမ့်မည်ဟု မယူဆထားသင့်ကြောင်း ဥရောပနိုင်ငံများကို ပြောကြားခဲ့ပြီးနောက် ယခုအခါတွင် ဂျပန်အား ချီးကျူးခဲ့ခြင်းဖြစ်သည်။

ပထမဆုံး တရားဝင် ခရီးစဉ်အဖြစ် အာရှသို့ ရောက်ရှိနေသည့် ဟက်ဆက်သည် ဖိလစ်ပိုင်နိုင်ငံသို့ သွားရောက်ခဲ့ ပြီးနောက် ဂျပန်နိုင်ငံသို့ ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။

မတ်လ ၂၉ ရက်က ဟက်ဆက်သည် ဒုတိယကမ္ဘာစစ်အတွင်း အမေရိကန်နှင့် ဂျပန်တပ်ဖွဲ့များအကြား တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားခဲ့သည့် အိုင်ဝို ဂျီးမား (Iwo Jima) ကျွန်းပေါ်တွင် ပြုလုပ်သော အောက်မေ့ဖွယ် အခမ်းအနား ကို တက်ရောက်ခဲ့သည်။

Source: ရိုက်တာ