CNI News

၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၂၇

လက်ရှိ မြန်မာ့နိုင်ငံရေး ပြဿနာကို ဖြေရှင်းနိုင်မည့် နိုင်ငံရေးသဘောတူညီမှုရပြီးမှ ရွေးကောက်ပွဲလုပ်သင့် ကြောင်း ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်(SNLD)ဥက္ကဋ္ဌ ဦးစိုင်းညွန့်လွင်က CNI သတင်းဌာနသို့ ပြောသည်။

နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ၂၀၂၅ ခုနှစ်တွင် ရွေးကောက်ပွဲ ကျင်းပမည်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲအနိုင်ရရှိသည့် ပါတီကို အာဏာလွှဲပြောင်းပေးမည်ဖြစ်ကြောင်း၊ နယ်မြေမတည်ငြိမ်မှုများကြောင့် ဒေသအလိုက် ပိုင်းခြားပြီး ရွေးကောက်ပွဲ ကျင်းပနိုင်ကြောင်း ပြောကြားထားသည်။

မြန်မာ့တပ်မတော် ထိန်းချုပ်နယ်မြေများတွင်သာ ရွေးကောက်ပွဲ ပြုလုပ်ခဲ့ပါက တက်လာမည့် အရပ်သားအစိုးရ အနေဖြင့် တစ်နိုင်ငံလုံးအပေါ် ဩဇာလွှမ်းမိုးမှု မရှိနိုင်၍ တိုင်းပြည်အခြေအနေမှာ ပို၍ဆိုးရွားလာ နိုင်ကြောင်း စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များက ထောက်ပြကြသည်။

ထို့ကြောင့် နိုင်ငံရေးဆွေးနွေးပွဲတစ်ခုကို ဦးစွာရှိရန်လိုကြောင်း ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD) မှ ဥက္ကဋ္ဌ ဦးစိုင်းညွန့်လွင်က CNI သတင်းဌာနသို့ ပြောသည်။

နိုင်ငံရေးပါတီများနဲ့ နစကဥက္ကဋ္ဌ တွေ့ဆုံစဉ်

SNLD မှ ဥက္ကဋ္ဌ ဦးစိုင်းညွန့်လွင်က “ကျနော့် အယူအဆကတော့ နိုင်ငံရေးဆွေးနွေးပွဲ အရင်ရှိဖို့လိုတယ်။ နိုင်ငံရေး ဆွေးနွေးပွဲကရတဲ့ သဘောတူညီချက်အတိုင်း ရွေးကောက်ပွဲမျိုးက အခု မြန်မာပြည်ရဲ့ ပြဿနာထဲက တချို့ ပြဿနာကို ဖြေရှင်းပြီးသား ဖြစ်သွားမယ်။ အားလုံးပါဝင်တဲ့ ရွေးကောက်ပွဲ ဖြစ်လာနိုင်တာပေါ့ သဘောတူညီချက် ရပြီ ဆိုရင်တော့။ သဘောတူညီတဲ့ လူတွေချည်းပဲ အများစု အဲဒီလိုလုပ်တာလည်း ဖြစ်နိုင်တာပေါ့။ အခုကတော့ အတိုက်အခံတွေက သိပ်မများဘူး မရှိသလောက်ပဲ။ ဘက်တစ်ဖက်တည်းကိုပဲ အားပေးတဲ့လူတွေပဲ လုပ်နေကြတဲ့ သဘောဖြစ်တယ်။ လောလောဆယ် ဒေါ်အောင်ဆန်းစုကြည်က ထောင်ထဲမှာရှိနေတဲ့ အခါကြတော့ သူ့ရဲ့အခန်း ကဏ္ဍက ဘာမှမရှိဘူးလေ။ သူ့ကို ထောက်ခံတဲ့လူ၊ အားပေးတဲ့ လူတွေကတော့ ပြန်လွတ်စေချင်တာပေါ့။ သူတို့ အတွက်က အားရှိအောင် အဲဒီလိုလုပ်ချင်တာပေါ့။ တစ်ဖက်ကလည်း အဲဒီလိုမျိုး အားရှိအောင်လုပ်ပေးဖို့ မဖြစ်နိုင် ဘူး” ဟု ၎င်းက ပြောသည်။

နစကသည် ၂၀၂၅ ခုနှစ်တွင် ရွေးကောက်ပွဲ ကျင်းပမည်ဟု ပြောနေသည့်တိုင် မည်သည့် နေ့ရက်၌ ကျင်းပမည်ကို တော့ ယနေ့ထိတိုင် တိတိကျကျ ထုတ်ဖော် ပြောကြားခြင်းမရှိသေးကြောင်း၊ ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ လုပ်နေ ရာမှာလည်း အားလုံးပါဝင်သည့် အခင်းအကျင်းကို မဖန်တီးနိုင်ဘဲဖြစ်နေသလို အားလုံး လက်ခံသည့် သဘောတူ ညီမှုများကို ရအောင် မယူနိုင်ဘဲ ဖြစ်နေကြောင်း သိရသည်။

လက်ရှိတွင် နစက အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်များနှင့် အတိုက်အခံများဘက်မှ တွေ့ဆုံဆွေးနွေးရေး ဟု ပြောနေကြသော်လည်း ဆုံမှတ်ရှိမနေကြကြောင်း7 EAO Alliance မှ ပြောရေးဆိုခွင့်ရှိသူ ဦးနိုင်အောင်မငေးက CNI သတင်းဌာနသို့ ပြောသည်။

အဆိုပါ အခြေအနေ အားလုံးအပေါ်ကို လွှမ်းခြုံဖြေရှင်းနိုင်မည့် ရွေးကောက်ပွဲတစ်ခု ဖြစ်စေရေး ပါဝင်သင့် ပါဝင်ထိုက်သည့် တိုင်းရင်းသားလက်နက်ကိုင်နှင့် နိုင်ငံရေးပါတီများ အားလုံးအတွက် နိုင်ငံရေးဆွေးနွေးပွဲတစ်ခု လမ်းဖွင့်ပေးသင့်ကြောင်း ၎င်းက ပြောသည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို တွေ့ရစဉ်

7 EAO Alliance မှ ပြောရေးဆိုခွင့်ရှိသူ နိုင်အောင်မငေးက “ပါဝင်သင့် ပါဝင်ထိုက်တဲ့ state holder အားလုံးကို လည်း လမ်းဖွင့်ပေးပေါ့။ NCA လက်မှတ်ထိုးတဲ့ အဖွဲ့အစည်း တစ်ခုတည်း မဟုတ်ဘဲနဲ့ EAO တွေအားလုံးပါ၊ နိုင်ငံရေးပါတီဆိုလည်း SNLD လိုပေါ့၊ register မကျသေးတဲ့ နိုင်ငံရေးပါတီတွေလည်းခေါ်၊ ခေါ်သင့်ခေါ်ထိုက်တဲ့ နိုင်ငံရေးပါတီတွေ အားလုံးဆုံညီတဲ့အခါကြမှ ပြဿနာ အစဖော်ပြီးတော့ ဖြေရှင်းပြီး ဘယ်လိုနည်း ဘယ်လိုဟန် ဘယ်လိုပုံစံ ဖြေရှင်းရမလဲဆိုတာ ကနဦး ဆွေးနွေးတိုင်ပင်ပြီး အဖြေရှာတာ အကောင်းဆုံးပဲပေါ့လေ။ အခု ပြောပြောနေတဲ့ Dialogue (တွေ့ဆုံဆွေးနွေးရေး)က လူတိုင်းပြောနေတယ်၊ NUG လည်း ပြောတယ်။ မြောက်ပိုင်း လည်း Dialogue ပြောနေတယ်။ ကျနော်တို့ကတော့ ပြောနေတာကြာပြီ။  SAC ကလည်း Dialogue ပြောတယ်။ ဒါပေမယ့် ပြောတဲ့ Dialogue ပုံစံချင်းက ဆုံမှတ်ကို မရှိကြဘူးလေ။ ဘယ်နေရာမှာဆုံမယ်။ ဒါလည်း ရေရှည် အတွက် ဒီအခက်အခဲကို အရင်ကျော်ြဖတ်ပြီးတော့ ဒီလိုပုံစံနဲ့ အစသွားချင်တယ်။ အားလုံးစုံညီတဲ့ နိုင်ငံရေး ပြဿနာကို နိုင်ငံရေးဖြေရှင်းဖို့အတွက် အစရှာဖို့၊ နည်းလမ်းရှာဖို့အတွက် စုံစုံညီညီ စုံသင့်တယ်လို့ အကြံပြုချင် တယ်” ဟု ပြောသည်။

နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ၂၀၂၃ ခုနှစ်၊ ဩဂုတ်လတွင် ရွေးကောက်ပွဲ ကျင်းပသွားမည်ဟု ကြေညာခဲ့သော်လည်း ကျင်းပနိုင်ခဲ့ခြင်းမရှိပေ။

ထို့အတူ နစကဥက္ကဋ္ဌအနေဖြင့် ၂၀၂၅ ခုနှစ်အတွင်း ရွေးကောက်ပွဲ ကျင်းပပေးမည်ဟု ကတိကဝတ်ပြု ပြောဆိုထား သော်လည်း လွတ်လပ်ပြီး တရားမျှတသည့် အထွေထွေရွေးကောက်ပွဲ ကျင်းပရန်အတွက် နိုင်ငံတစ်ဝန်းလုံး တည်ငြိမ်အေးချမ်းမှုရှိရန် လိုအပ်ကြောင်း ပြောကြားလာသည်။

ထို့ကြောင့် မြန်မာနိုင်ငံတစ်ဝန်း တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားနေခြင်းနှင့် ချိတ်ဆက် ကြည့်လျှင် ရွေးကောက်ပွဲ ဖြစ်မြောက်ရန် အလားအလာ အင်မတန်နည်းကြောင်း စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များက ထောက်ပြကြသည်။