CNI News

၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၂၇

ပလောင်ပြည်နယ် ရရှိရေးကို မြန်မာ့တပ်မတော်ဘက်က အသိအမှတ်ပြုရဲရင်တောင်မှ လက်ခံဖို့မရှိသလို ဆွေးနွေးသွားရန် မရှိဘူးဟု ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး/တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော်(PSLF/TNLA)၏ အထွေထွေအတွင်းရေးမှူး ဗိုလ်ချုပ်တားဘုန်းကျော်က ပြောသည်။

ဗိုလ်ချုပ်တားဘုန်းကျော်သည် “ဗျူဟာအလွှဲနဲ့ တာဝန်ခံမှုကင်းမဲ့ခြင်း”ဆိုသော ခေါင်းစဉ်ဖြင့် ၎င်း၏ ဖေ့စ်ဘွတ်ခ် စာမျက်နှာတွင် ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၂၆ ရက်က ရေးသားထုတ်လွှင့်စဉ် “ဗိုလ်နန်းဝေ”ဆိုသော  ဖေ့စ်ဘွတ်ခ် အကောင့်၏ ကော်မန့်ကို အထက်ပါအတိုင်း တုန့်ပြန် ပြောကြားခဲ့ခြင်း ဖြစ်သည်။

TNLA အထွေထွေအတွင်းရေးမှူး ဗိုလ်ချုပ်တားဘုန်းကျော်က “ စကစနဲ့ တွေ့တာ စိန(တရုတ်)က အတင်းအကြပ် တွေ့ဖို့ ဖိအားကြောင့်ပါ။ နိုင်ငံရေးအရ အပေးအယူ လုပ်စရာ ဆွေးနွေးစရာ ဘာမှမရှိပါ။ ကိုယ့်နိုင်ငံရေး ရပ်တည် ချက်ဖြစ်တဲ့ ပြည်နယ်ရရှိရေးဆိုတာကိုတောင် သူက အသိအမှတ်ပြုရဲရင်တောင် လက်ခံဖို့မရှိပါ။ ဆွေးနွေးဖို့ဆို ဝေးသေးပါတယ်” ဟု ပြောသည်။

TNLA သည် တရုတ်အစိုးရ၏ ကြားဝင်စေ့စပ်မှုဖြင့် တရုတ်နိုင်ငံ၊ ကူမင်းမြို့မှာ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၁၆-၁၇ ရက်က မြန်မာ့တပ်မတော်(နစက)နှင့် တွေ့ဆုံ၍ ဆွေးနွေးခဲ့ကြသည်။

TNLA နဲ့ မြန်မာ့တပ်မတော် တွေ့ဆုံဆွေးနွေးစဉ်က TNLA တောင်းဆိုချက်ကိုတွေ့ရစဉ်

အဆိုပါ တွေ့ဆုံ ဆွေးနွေးပွဲတွင် TNLA က (၁) နှစ်ဖက်တပ် ရောက်ရှိသည့်နေရာတွင် ရပ်တန့်ထားပြီး အပစ် အခတ်ရပ်စဲရန်၊ (၂) နှစ်ဖက်စလုံး ထိုးစစ်များပြုလုပ်ခြင်း၊ ဒရုန်းဖြင့်တိုက်ခိုက်ခြင်း၊ လက်နက်ကြီးများ ပစ်ခတ်ခြင်း၊ လေယာဉ် ဗုံးကြဲချခြင်း အစရှိသည့် စစ်ရေးလှုပ်ရှားမှုများအားလုံး ရပ်တန့်ရန်၊ (၃) နှစ်ဖက် ထိန်းချုပ်နယ်မြေ ဒေသများတွင် ဒေသခံပြည်သူများ စားဝတ်နေရေးနှင့် ဆေးဝါးများ သယ်ဆောင်နိုင်ရန်အတွက် ဖြတ်သန်းသွားလာ ခွင့်ပြုရန် စသည့် အချက် (၃) ချက်ကို တောင်းဆိုခဲ့သည်။

သို့သော် သဘောတူညီမှုမရဘဲ ဆွေးနွေးပွဲပြီးဆုံးခဲ့၍ နောက်တစ်ကြိမ် ထပ်မံ ဆွေးနွေးရန် သဘောထား ပြုခဲ့ကြ သည်။

TNLA သည် ပလောင်ပြည်နယ် ရရှိရေး ကြိုးပမ်းနေသော ပလောင်/တအာင်း လက်နက်ကိုင်အဖွဲ့ဖြစ်သည်။

TNLA က ရည်မှန်းထားသော ပလောင်ပြည်နယ်မှာ ရှမ်းပြည်နယ်မြောက်ပိုင်းက နမ့်ဆန်၊ မန်တုံ၊ နမ့်ခမ်း၊ ကွတ်ခိုင်၊ နမ္မတူ၊ သီပေါ၊ ကျောက်မဲ၊ နောင်ချို၊ မိုင်းလုံ၊ မိုင်းငေါ့၊ မိုင်းရယ်၊ တန့်ယန်း၊ မူဆယ်နှင့် မန္တလေးတိုင်း ဒေသကြီးအတွင်းက မဘိမ်း၊ မိုးကုတ်၊ မိုးမိတ် တို့ဖြစ်ကြောင်း သိရသည်။ 

လက်ရှိတွင် TNLA သည် ၁၀၂၇ စစ်ဆင်ရေးနှင့်အတူ နမ့်ဆန်၊ မန်တုံ၊ နမ့်ခမ်း၊ ကွတ်ခိုင်၊ နမ္မတူ၊ သီပေါ၊ ကျောက်မဲ၊ နောင်ချို၊ မိုင်းလုံ၊ မိုင်းငေါ့၊ မိုင်းရယ်၊ မဘိမ်း၊ မိုးကုတ်၊ မိုးမိတ် စသည့် ဒေသများကို သိမ်းပိုက် ထိန်းချုပ်ထားသည်။