CNI News
၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၈

စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ဗန်းမောက်မြို့ကို မြန်မာ့တပ်မတော်နှင့် ရှမ်းနီအမျိုးသားများတပ်မတော် (SNA)တို့က ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၈ ရက်တွင် အလုံးစုံ ပြန်လည် ထိန်းချုပ်လိုက်ပြီးဖြစ်ကြောင်း အသီးသီး ထုတ်ပြန်ခဲ့ကြသည်။

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် PDF တို့သည် ဗန်းမောက်မြို့သိမ်း တိုက်ပွဲကို ၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၁၅ ရက်က စတင်ဖော်ဆောင်ခဲ့ပြီးနောက် စက်တင်ဘာ ၂၀ ရက်တွင် ထိန်းချုပ်ခဲ့သည်။

ထို့နောက် SNA နှင့် မြန်မာ့တပ်မတော်က ဗန်းမောက်မြို့ ပြန်လည်ရရှိရေး ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ရာ ၄ လကျော် အကြာ ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၈ ရက်တွင် ပြန်လည်ထိန်းချုပ်နိုင်ခဲ့ခြင်းဖြစ်သည်။

ဗန်းမောက်မြို့ ပြန်လည်ထိန်းချုပ်နိုင်ရေး ကြိုးပမ်းရာတွင် KIA-PDF များဖြင့် တိုက်ပွဲကြီးငယ် ၆၉ ကြိမ် ဖြစ်ပွားခဲ့ ကြောင်း၊ KIA-PDF များထံမှ လက်နက်မျိုးစုံ ၂၇ လက်၊ ခဲယမ်း၊ ဗုံးသီးများ သိမ်းဆည်းရမိခဲ့ကြောင်း မြန်မာ့တပ်မ တော်က ထုတ်ပြန်ခဲ့သည်။

KIA-PDF များသည် ဗန်းမောက်မြို့အတွင်း ဘာသာရေးဆိုင်ရာ အဆောက်အအုံများ၊ စာသင်ကျောင်းများ၊ ဆေးရုံ များ၊ ဌာနဆိုင်ရာ အဆောက်အအုံများ၊ လူနေအိမ်များ၊ ဟိုတယ်များနှင့် အထပ်မြင့် အဆောက်အအုံများတွင် သဲအိတ် ဘန်ကာများ လုပ်လုပ်၍ တိုက်ခိုက်ခဲ့သလို ဒေသခံများကို လူသားတံတိုင်းအဖြစ် အကာအကွယ်ယူ၍ တိုက်ခိုက်ခဲ့ကြောင်း မြန်မာ့တပ်မတော်က ထုတ်ပြန်ခဲ့သည်။

ထို့နောက် ဗန်းမောက်မြို့သို့ ဒေသခံများ ပြန်လည် ဝင်ရောက် နေထိုင်နိုင်ရေးနှင့် အပျက်အစီးများ ဖယ်ရှား ရှင်းလင်းရေးကို လုပ်ဆောင်နေကြောင်း၊ မြို့ပြန်လည် ထူထောင်ရေးကို အမြန်ဆုံး ဆောင်ရွက်သွားမည်ဟု မြန်မာ့တပ်မတော်က ထုတ်ပြန်ခဲ့သည်။