CNI International News

ဝါရှင်တန်၊ ဖေဖော်ဝါရီ ၂၇

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump)က အမေရိကန်တွင် နေထိုင်ခွင့်ပါမစ်အတွက် ဒေါ်လာ ၅ သန်း တန်ကြေးရှိသည့် Gold Card များကို ရောင်းချသွားမည်ဟု ဖေဖော်ဝါရီ ၂၅ ရက်က ကြေညာခဲ့ကြောင်း South China Morning Post မှ ဖော်ပြခဲ့သည်။

ဗီဇာအမျိုးအစားသစ်ဖြစ်သည့် အဆိုပါ Gold Card သည် သမားရိုးကျ Green Card အမျိုးအစား၏ တန်ဖိုးကြီး ကဒ် အမျိုးအစားသစ်ဖြစ်ပြီး အလုပ်အကိုင် အခွင့်အလမ်းများကို ဖန်တီးရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း ထရမ့်က ပြောသည်။

ထို့ပြင် အဆိုပါ Gold Card များကို ရောင်းချခြင်းဖြင့် အမေရိကန်၏ နိုင်ငံ့လိုငွေပြမှုကို လျှော့ချနိုင်လိမ့်မည် ဟုလည်း ၎င်းက ဆိုသည်။

“Gold Card ကို ကျနော်တို့ ရောင်းတော့မှာပါ။ ခင်ဗျားမှာ Green Card ရှိတယ်ဆိုရင် ဒါကတော့ Gold Card ပါ။ ဒီကဒ်ရဲ့ စျေးနှုန်းကတော့ ဒေါ်လာ ၅ သန်း တန်ဖိုးရှိပါတယ်” ဟု ထရမ့်က အိမ်ဖြူတော်၏ ဘဲဥပုံရုံးခန်းတွင် သတင်းထောက်များကို ပြောကြားခဲ့သည်။

အဆိုပါ Gold Card သည် Green Card ထက် ခံစားခွင့်ပိုမိုရရှိပြီး အမေရိကန်နိုင်ငံသားအဖြစ်ပါ လျှောက်ထားနိုင် လိမ့်မည်ဟု ဒုတိယသက်တမ်းအတွင်း သန်းနှင့်ချီသည့် အထောက်အထားမဲ့ ရွှေ့ပြောင်းများကို နေရပ်သို့ ပြန်ပို့နေ သည့် ရီပတ်ဘလစ်ကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောသည်။

သမ္မတ ဒေါ်နယ်ထရမ့်ကိုတွေ့ရစဉ်

“လူတွေအများကြီးက ကျနော်တို့နိုင်ငံကို လာချင်နေကြပါတယ်။ သူတို့ဟာ ဒီမှာ အလုပ်လုပ်ချင်ကြတယ်။ စီးပွားရေးလုပ်ငန်းတွေ ထူထောင်ချင်ကြတယ်။ အဲဒါကြောင့် ဒီကိုလာမယ့်လူတွေက ပိုက်ဆံရှိတဲ့လူတွေ ဖြစ်လာပါလိမ့်မယ်” ဟု ထရမ့်က ပြောကြားခဲ့သည်။

ထို Gold Card များကို လာမည့် သီတင်း ၂ ပတ်အတွင်း စတင်ရောင်းချသွားမည်ဖြစ်ပြီး ကဒ်ပေါင်း သန်းချီ ရောင်းချရလိမ့်မည်ဟုလည်း ထရမ့်က ပြောသည်။

အဆိုပါ ကဒ်များကို ရုရှား၏ အထက်တန်းလွှာ ရုရှားသူဋ္ဌေးများကို ရောင်းချမည် ဟုတ်၊ မဟုတ် သတင်းထောက် များက မေးမြန်းခဲ့ချိန်တွင် ထရမ့်က သူသည် အလွန်ကောင်းမွန်သည့် ရုရှားသူဋ္ဌေးများကို သိထားကြောင်း၊ ထို့ကြောင့် ရောင်းချရန် ဖြစ်နိုင်ကြောင်း ဖြေကြားခဲ့သည်။

ထို Gold Card ရောင်းချမည့် အစီအစဉ်သည် ရွှေ့ပြောင်း စီးပွားရေးလုပ်ငန်းရှင်များကို ပေးသည့် EB-5 ဗီဇာ ပရိုဂရမ် နေရာကို အစားထိုးမည်ဖြစ်ပြီး ပြည်ပရင်းနှီးမြှုပ်နှံသူမျာသည် အမေရိကန်တွင် အလုပ်အကိုင်များ ဖန်တီးရန် ငွေကြေးအများအပြား အသုံးပြုလိမ့်မည်ဖြစ်ကြောင်းလည်း ထရမ့်က ပြောကြားခဲ့သည်။

Source: South China Morning Post