CNI News

၂၀၂၂ ခုနှစ်၊ ဇူလိုင် ၆

လာမည့် ၂၀၂၃ ခုနှစ်တွင် နစက၏ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC)မှ ကျင်းပမည့် ရွေးကောက်ပွဲကို အာဆီယံ အထူးကိုယ်စားလှယ်က လက်ခံကြောင်း ရခိုင့်ဦးဆောင်ပါတီ (AFP)၏ဥက္ကဋ္ဌ ဒေါက်တာ အေးမောင်က CNI သတင်း ဌာနသို့ ပြောသည်။

အာဆီယံအထူးကိုယ်စားလှယ် ပရတ်ဆိုခွန်နှင့် နိုင်ငံရေးပါတီ ၇ ပါတီမှ ခေါင်းဆောင်များ ရန်ကုန်မြို့မှာ တွေ့ဆုံစဉ် ၂၀၂၃ ရွေးကောက်ပွဲသည် မြန်မာ့နိုင်ငံရေး အကျပ်အတည်း၏ ထွက်ပေါက်တစ်ခု ဖြစ်သည်ကို လက်ခံကြောင်း ပြောကြားခဲ့ခြင်း ဖြစ်သည်ဟု ၎င်းက ပြောသည်။

ပရတ်ဆိုခွန်နဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တွေ့ဆုံစဉ်

ဒေါက်တာအေးမောင်က “အာဆီယံကလည်း ပြောတယ်။ ကျနော်တို့ကလည်း သုံးသပ်တယ်။ ၂၀၂၃ SAC ရဲ့ အထွေထွေ ရွေးကောက်ပွဲကြီးဟာ တံခါးတစ်ခုကို ဖွင့်လိုက်သလို ဖြစ်သွားမယ်။ တစ်နည်းအားဖြင့် Exit Strategy အတွက် အရေးကြီးတဲ့ အချက်မှာ ရှိတယ်။ အာဆီယံကိုယ်စားလှယ်ကလည်း အဲဒါမျိုး လက်ခံတယ်။ ၂၀၂၃ အထွေထွေ ရွေးကောက်ပွဲဟာ ပိတ်နေတဲ့ လမ်းကို ပိတ်နေတဲ့ လမ်းကို ပွင့်သွားနိုင်တယ်။ လမ်းပေါက်တစ်ခု ဖြစ်နိုင်တယ်တယ်။ သူ (အာဆီယံ အထူးကိုယ်စားလှယ်) လက်ခံတယ်။ အဲဒီလမ်းပေါက်ကို ဘယ်လို သုံးမှာလဲ။ ၂၀၀၈ အခြေခံနဲ့ သွားမလား။ သွားရင် ပတ်ချာလည်ပြီး လက်နက်ကိုင် ပဋိပက္ခက မပြီးနိုင်တော့ဘူး။ အဲဒီတော့ ဖွဲ့စည်းပုံအခြေခံဥပဒေ အသစ်တစ်ခုနဲ့ ဖက်ဒရယ်ဒီမိုကရေစီ ခင်ဗျား ကမ္ဘာမှာ အများကြီးပဲဗျ ဖွံ့ဖြိုးတိုးတက်နေတာ။ မော်ဒန် တစ်ခုနဲ့ ကျနော်တို့ နိုင်ငံနဲ့ လျော်ညီတဲ့ဟာကို ပညာရှင်နဲ့ ရေးလိုက်ရင် တစ် နှစ် မကြာဘူးဗျ။ ၄၇ ဖွဲ့စည်းပုံ ဒီအတိုင်းရေးလာတာပဲ။ အခြေခံမူပဲလိုတယ်။ အခြေခံမူကို ကျ‌နော်တို့ ညှိလိုက်ကြရအောင်။ လက်နက်ကိုင် အဖွဲ့အစည်းရော၊ နိုင်ငံရေးပါတီရော၊ လက်ရှိအစိုးရ တတ်သိပညာရှင်နဲ့ ခင်ဗျား တစ်နှစ်မကြာဘူး။ အဲဒီတော့ လာမယ့် ၂၀၂၃ တံခါးက ထွက်လာမယ့် လွှတ်တော်နဲ့ အစိုးရသည် ကြားဖြတ်အစိုးရ Interim Government ဖြစ်သွားမှာ ပေါ့” ဟု CNI သတင်းဌာနသို့ ပြောသည်။

 ပရတ်ဆိုခွန်နဲ့ နိုင်ငံရေးပါတီများတွေ့ဆုံစဉ်

အာဆီယံအထူးကိုယ်စားလှယ် မစ္စတာ ပရတ်ဆိုခွန်သည် မြန်မာနိုင်ငံသို့ ဇွန်လ ၂၉ ရက်မှ ဇူလိုင် ၄ ရက်နေ့အထိ ဒုတိယ အကြိမ်မြောက် လာရောက်ခဲ့ပြီး မြန်မာ့နိုင်ငံရေး အကျပ်အတည်း ဖြေရှင်းနိုင်မည့် နည်းလမ်းများကို ရှာဖွေလျက်ရှိသည်။

အဆိုပါ ခရီးစဉ်အတွင်း နိုင်ငံရေးပါတီ ၇ ပါတီ အပြင် နစက ဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များ၊ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ တို့နှင့် တွေ့ဆုံ ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။

၂၀၂၃ ခုနှစ်အတွင်း နစကမှ ရွေးကောက်ပွဲ ကျင်းပမည်ဆိုသည့် ကတိကဝတ်အတိုင်း လုပ်ဆောင်ရန် အာဆီယံကိုယ်စားလှယ် က ပြောဆိုခြင်းမျိုး ဖြစ်နိုင်ကြောင်း ကရင်အမျိုးသား ဒီမိုကရတ်တစ်ပါတီဥက္ကဋ္ဌ မန်းအောင်ပြည်စိုးက CNI သတင်းဌာနသို့ ပြောသည်။

မန်းအောင်ပြည်စိုးက “အဲဒါကတော့ နစက-က သူ့ ကတိကဝတ်အတိုင်း လုပ်မယ်ဆိုရင်တော့ အကောင်းဆုံး ဆိုတဲ့ဟာမျိုး အာဆီယံကိုယ်စားလှယ်က ကတိပေးတယ် ပြောရမလား၊ မီးစိမ်းပြတယ် ပြောရမလားပေါ့။ ခင်ဗျားပေးထားတဲ့ ကတိအတိုင်း ခင်ဗျား တည်အောင်လုပ်ဆိုတဲ့ သဘောမျိုးနဲ့ လက်ခံတယ်၊ အတည်ပြုတယ်၊ ကြိုက်တယ်ဆိုတဲ့ သဘောမျိုး ပြလိုက်တယ်လို့ ကျနော်တော့ နားလည်တယ်” ဟု ပြောသည်။

ရွေးကောက်ပွဲ ကျင်းပမည်ဆိုပါက မိမိတို့ ပါတီအနေဖြင့် ဝင်ရောက် ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲ ကျင်းပ ဖြစ်ရန်သာ အရေးကြီးကြောင်း ၎င်းက ပြောသည်။

၂၀၂၃ ခုနှစ်၊ ဩဂုတ်လတွင် ရွေးကောက်ပွဲ ကျင်းပပေးမည် ဖြစ်ကြောင်း၊ ရွေးကောက်ပွဲတွင် အနိုင်ရသည့် ပါတီအား တိုင်းပြည်အာဏာကို လွှဲအပ်ပေးမည်ဖြစ်ကြောင်း နစကဥက္ကဋ္ဌက ပြောကြားထားသည်။