CNI News

၂၀၂၂ ခုနှစ်၊ မတ်လ ၁၇

အာဆီယံ အထူးကိုယ်စားလှယ် ပရတ်ဆိုခွန်သည် မြန်မာနိုင်ငံခရီးစဉ်အတွင်း NCA ထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များနှင့် တွေ့ဆုံရန် စီစဉ်ထားသော်လည်း တွေ့ဆုံဆွေးနွေးမည့် အစီအစဉ်ကို ဖျက်လိုက်ကြောင်း အပစ်ရပ် အဖွဲ့ များ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST)၏ အဖွဲ့ဝင်တစ်ဦးဖြစ်သူ ဗိုလ်မှူးကြီးခွန်ဥက္ကာက CNI သတင်း ဌာနသို့ ပြောသည်။

အာဆီယံ အထူးကိုယ်စားလှယ်ဖြစ်သူ ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီး ပရတ်ဆိုခွန်သည် မြန်မာနိုင်ငံသို့ လာမည့် မတ်လ ၂၀ ရက်နေ့တွင် လာရောက်မည်ဖြစ်သည်။

အဆိုပါ ခရီးစဉ်တွင် အပစ်ရပ် လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် တွေ့ဆုံရန် စီစဉ်ထား ကြောင်း၊ ထိုအစီအစဉ်ကို အထူးကိုယ်စားလှယ် မအားလပ်သည့်အတွက် ဖျက်သိမ်းလိုက်ကြောင်း အကြောင်းကြားလာသည် ဟု ဗိုလ်မှူးကြီးခွန်ဥက္ကာက ပြောသည်။

၎င်းက “ပျက်သွားပြီ နေပြည်တော်က စာပြန်ရေးလာတယ်၊ မလာကြနဲ့တော့တဲ့ အထူးကိုယ်စားလှယ် မအားလပ်တဲ့အတွက် အဲဒီအစီအစဉ် ဖျက်လိုက်ပါပြီ၊ သူတော့လာမယ် ဒါပေမယ့် ကျနော်တို့နဲ့ တွေ့ဖို့ အချိန်မရတော့ဘူး၊ အဲဒါကြောင့် ရုပ်သိမ်း လိုက်တယ်”ဟု ပြောသည်။

အာဆီယံအထူးကိုယ်စားလှယ် ပရတ်ဆိုခွန်သည် မြန်မာနိုင်ငံသို့ လာရောက်မည်ဖြစ်ပြီး တွေ့ဆုံနိုင်ရေး နစကဘက်က PPST သို့ အကြောင်းကြားခဲ့ခြင်း ဖြစ်သည်။

အာဆီယံအထူးကိုယ်စားလှယ်

အဆိုပါ တွေ့ဆုံမှုကို နေပြည်တော်တွင် ပြုလုပ်မည်ဆိုပါက လာရောက်တွေ့ဆုံမည် မဟုတ်ကြောင်း PPST ၏ အဖွဲ့ဝင် ကရင်အမျိုးသားအစည်းအရုံး (KNU)မှ ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက CNI သတင်းဌာနသို့ ပြောကြားထားသည်။

အထူးကိုယ်စားလှယ်အနေနှင့် မြန်မာနိုင်ငံသို့ မတ်လ ၂၀ ရက်နေ့တွင် လာရောက်မည်ဖြစ်၍ နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တွေ့ဆုံမည်ဖြစ်ကြောင်း၊ ထို့နောက် တခြား တွေ့ဆုံသင့် တွေ့ဆုံထိုက်သူများနှင့် တွေ့ဆုံသွားမည် ဖြစ် ကြောင်း သိရသည်။

အာဆီယံ အထူးကိုယ်စားလှယ်သည် မြန်မာနိုင်ငံ ခရီးစဉ်အတွင်း မည်သည့် လူပုဂ္ဂိုလ် (သို့မဟုတ်) အဖွဲ့အစည်းများကို တွေ့ဆုံသွားမည်ဖြစ်ကြောင်းကိုတော့ ထုတ်ပြန်ထားခြင်းမရှိသေးပေ။

သို့သော် ပရတ်ဆိုခွန်သည် မြန်မာပြည်ခရီးစဉ်အတွင်း လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီများ တိုးမြှင့်ရေး လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။