CNI News

၂၀၂၂ ခုနှစ်၊ မတ်လ ၂၃

အာဆီယံအထူးကိုယ်စားလှယ်၏ မြန်မာနိုင်ငံခရီးစဉ်တွင် တွေ့ဆုံသင့် တွေ့ဆုံထိုက်သူများနှင့် တွေ့ဆုံနိုင်ခဲ့ခြင်းမရှိ၍ အားရစရာမရှိကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက CNI သတင်းဌာနသို့ ပြောသည်။

အာဆီယံ အထူးကိုယ်စားလှယ်ဖြစ်သူ ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီး ပရတ်ဆိုခွန်သည် မြန်မာနိုင်ငံသို့ မတ်လ ၂၁ ရက်နေ့က ရောက်ရှိခဲ့ကြောင်း၊ ထို့နောက် နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ နစက ဝန်ကြီးများ၊ ပြည်သူ့ပါတီ (PP)ဥက္ကဋ္ဌ ဦးကိုကိုကြီးတို့နှင့် တွေ့ဆုံ၍ မြန်မာ့အရေး ဆွေးနွေးခဲ့ကြသည်။

အာဆီယံအထူးကိုယ်စားလှယ်သည် ၎င်း၏ခရီးစဉ်အတွင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် တွေ့ဆုံခဲ့ခြင်း မရှိသလို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) စသည့် အစုအဖွဲ့များဖြင့် တွေ့ဆုံခဲ့ခြင်း မရှိသည့်အတွက် နိုင်ငံရေးအရ ထူးခြားမှုမရှိကြောင်း ပဒိုစောတောနီးက ပြောသည်။

ပဒိုစောတောနီးက “အခုက ဒီလိုပွဲမျိုးက တွေ့ခွင့်ရတဲ့သူတွေနဲ့ တွေ့လို့ ဖြစ်တဲ့ပွဲမှ မဟုတ်တာ၊ ဒီဟာက တတိုင်းပြည်လုံး ပြဿနာဖြစ်နေတော့၊ ပြီးခဲ့တဲ့ အာဆီယံရဲ့ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတုန်းကလည်း ပြောထားတာရှိတယ်လေ။ အဲဒါကလည်း အထူးသဖြင့် NUCC တို့၊ NUG အဲဒီဟာတွေနဲ့ တွေ့ဖို့သင့်တယ်ဆိုတာ အဲဒီဟာလည်း၊ အာဆီယံရဲ့ အထူး ကိုယ်စားလှယ်ဖြစ်တဲ့ အခါကျတော့ အာဆီယံအဖွဲ့ထဲမှာရှိတဲ့ သဘောထားတွေ ဆုံးဖြတ်ချက်တွေတောင်မှ ရောင်ပြန် မဟပ် တဲ့ အနေအထားရှိနေတော့ တခြားဟာတော့ မပြောတော့ဘူး”ဟု ပြောသည်။

ပရတ်ဆိုခွန်နဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တွေ့ဆုံစဉ်

အာဆီယံအထူးကိုယ်စားလှယ်၏ အဆိုပါ ခရီးစဉ်တွင် အာဆီယံ၏ ဆုံးဖြတ်ချက် ၅ ချက်ကို အကောင်အထည်ဖော်မှု ရှိ/မရှိ အပေါ် ဆက်လက်လုပ်ဆောင်နေသည်ဟု သုံးသပ်ရကြောင်း နိုင်ငံရေး လေ့လာသုံးသပ်သူ ဒေါက်တာလှကျော်စောက သုံးသပ်သည်။

“အာဆီယံအနေနဲ့ကတော့ သူတို့ လုပ်စရာရှိတာ သူတို့ ဆက်လုပ်နေတယ်ထင်တယ်၊ သူ့ရဲ့ ဆုံးဖြတ်ချက် (၅) ချက်ကို ဗမာ ပြည်က ဘယ်လောက် လက်ခံနိုင်လဲ၊ လက်မခံနိုင်လဲဆိုတာ ဆက်လုပ်နေပုံရတယ်၊ အဲတော့ အာဆီယံက သူ့တစ်ခုလုံးရဲ့ မူကိုက ဗမာပြည်ကို ပစ်ထားဖို့ မဟုတ်ဘူးလေ၊ ဗမာပြည်ကို အာဆီယံထဲမှာ ပါဝင်ပြီးတော့ ဆက်လက် လုပ်ဆောင်စရာရှိတာ လုပ်ဆောင်ဖို့ပဲ၊ အဲတော့ အာဆီယံရဲ့ အဓိက လုပ်ငန်းက ဗမာပြည် ဒီမိုကရေစီရရေး မဟုတ်ဘူးဗျ” ဟု ၎င်းက သုံးသပ်သည်။

အာဆီယံအထူးကိုယ်စားလှယ်နှင့် ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီးတို့ မတ်လ ၂၂ ရက်နေ့က တွေ့ဆုံစဉ်မှာတော့ နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးရန်၊ အရပ်သား ထိခိုက်မှုများကို ဘက်အသီးသီးက ကာကွယ်ပေးရန်၊ လူသားချင်း စာနာထောက် ထားမှု အကူအညီများ ထောက်ပံ့ပေးရန်၊ အသွင်ကူးပြောင်းရေး ကြားကာလ နိုင်ငံရေးသဘောတူညီမှု ရရှိရေး သက်ဆိုင်သူ များနှင့် တွေ့ဆုံသွားရန် စသည့် အချက်များကို တိုက်တွန်းခဲ့ကြောင်း ပြည်သူ့ပါတီက သတင်းထုတ်ပြန်ခဲ့သည်။

မူလက အာဆီယံအထူးကိုယ်စားလှယ်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)မှ သမ္မတဟောင်း ဦးထင်ကျော်၏ ဇနီးဖြစ်သူ ဒေါ်စုစုလွင်တို့ တွေ့ဆုံရန် စီစဉ်ထားသော်လည်း တွေ့ဆုံနိုင်ခြင်း မရှိခဲ့ပေ။