CNI News

၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၁၆

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) ၏ ကန့်သတ်ချက်များ၊ ပိတ်ပင်မှုများ၊ သတ်မှတ်ချက်များကြောင့် နိုင်ငံရေးပါတီများအနေဖြင့် လာမည့်ရွေးကောက်ပွဲအတွက် ရသည့်အပေါက်မှ တိုးရမည့် အနေအထားဟု  မြန်မာ့နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာအောင်မျိုးက CNI သတင်းဌာနသို့ ပြောသည်။

ရွေးကောက်ပွဲကော်မရှင်သည် ပြည်ထောင်စုတစ်ဝန်း ဝင်ရောက်ယှဉ်ပြိုင်မည့် ပါတီ ၃ ခုကို သတ်မှတ် ပါတီဝင် စာရင်းနှင့် ရုံးခန်း မပြည့်မီသည့်အတွက် ၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၉ ရက်က ဖျက်သိမ်းကြောင်း ထုတ်ပြန်ခဲ့ သည်။

ပြည်ထောင်စုတစ်ဝန်း ဝင်ရောက်ယှဉ်ပြိုင်မည့် နိုင်ငံရေးပါတီ အနေဖြင့် မဲဆန္ဒနယ် ၄၁၇ နယ် ဝင်မပြိုင်နိုင်လျှင် ပါတီဖျက်သိမ်းခံရမည်ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)က CNI သတင်းဌာနသို့ စက်တင်ဘာ ၁၀ ရက်နေ့တွင် ပြောကြားထားသည်။

လက်ရှိ အခြေအနေသည် နိုင်ငံရေးပါတီများအတွက် ရွေးကောက်ပွဲကော်မရှင်ဘက်က ပေးမှရမည့် အနေအထား ဖြစ်သောကြောင့် ဖြေလျှော့ပေးရန် မတောင်းဆိုသင့်တော့ကြောင်း မြန်မာ့နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာ အောင်မျိုးက CNI သတင်းဌာနသို့ ပြောသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးကိုတွေ့ရစဉ်

၎င်းက “ဖျက်သိမ်းခံရတဲ့ ပါတီတွေအတွက်ကတော့ အထူးကို စိတ်မကောင်းဖြစ်မိတယ်။ သို့သော်လည်းပဲ ဒါနဲ့ ပတ်သက်လို့ ကျနော်တို့က ဘာဘာ လုပ်ပေးပါ၊ ဘာဖြစ်ပါတယ် ညာဖြစ်ပါတယ်မျိုးတော့ မတောင်းဆိုသင့် တော့ဘူး။ ဘာဖြစ်လို့လဲဆိုရင် ဒီအချိန်မှာ ကျနော်တို့က သူပေးမှရတဲ့ အနေအထားမျိုးကို။ သူပေးမှရတဲ့ အနေ အထားမျိုး ဖြစ်တဲ့အခါကြတော့ လက်ရှိ အနေအထားမှာ ကျနော်တို့က ရသလောက်ကို ယူပြီးတော့ တိုင်းပြည်ကို ဒီမိုကရေစီ နည်းတကျ ဖြစ်နိုင်သမျှ ပြန်လည်တည်ဆောက်ဖို့သာ အဓိက ကျတယ်ပေ့ါ။ မှန်မှန်ကန်ကန်လုပ်ဖို့ပဲ ကျနော်တို့က ဆန္ဒရှိတယ်။ အဲဒီတော့ တစ်ဝက်ပဲလုပ်လုပ်၊ မြို့ပေါ်ပဲလုပ်လုပ်ပေါ့၊ participate မလုပ်နိုင်ကြတဲ့ အခါကြတော့လည်း တစ်သီးပုဂ္ဂလနဲ့ ပြိုင်ကြပေါ့ဗျာ။ ဒါကတော့ လမ်းတစ်ခုကတော့ ပွင့်မှာပေါ့။ ဒါကြောင့် UEC ရဲ့ ပိတ်ပင်မှုမှာ ကျနော်တို့ ကောင်းခြင်း၊ ဆိုးခြင်းကို မပြောချင်တော့ဘူး။ တော်တော်လေး စိတ်မကောင်း ဖြစ်ပါ တယ်။ မပြောတော့ဘူး။ တစ်သီးပုဂ္ဂလ အနေနဲ့ပဲ ရတဲ့အပေါက်က တိုးရတော့မှာပေါ့နော်။ ဒီလိုပဲခံယူပါတယ်” ဟု ပြောသည်။

မြန်မာနိုင်ငံတွင် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်၌ ရွေးကောက်ပွဲကို အပိုင်း(၁)အနေဖြင့် မြို့နယ် ၁၀၂ မြို့နယ်မှာ ကျင်းပရန် စီစဉ်လျက်ရှိသော်လည်း စက်တင်ဘာ ၁၄ ရက်နေ့တွင် ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းခြင်း၊ စိစစ်ခြင်း၊ ရုပ်သိမ်းခြင်းတို့ကို ရက်သတ်မှတ်ချက် ပြင်ဆင် သတ်မှတ်ကြောင်း ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ခဲ့သည်။

ထိုထဲတွင် စက်တင်ဘာ ၈ ရက်မှစတင်ကာ ၂၂ ရက်နေ့အထိ လွှတ်တော်အသီးသီး၏ မဲဆန္ဒနယ်များအတွက် ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းနိုင်ပြီး ရုပ်သိမ်းလိုပါက စက်တင်ဘာ ၁၇ ရက်နေ့ နောက်ဆုံးထား ရုပ်သိမ်းနိုင်ကြောင်း ပါရှိသည်။

PR မဲဆန္ဒနယ်တွင် ဝင်ရောက်ယှဉ်ပြိုင်သည့် ပါတီတစ်ခုအနေဖြင့် ပါတီကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ် လောင်းတစ်ဦးအတွက် အမည်စာရင်း တင်သွင်းလွှာကို ရုပ်သိမ်းပါက စတင်အစားထိုး ပြန်လည်တင်သွင်းရမည့် ရက်နှင့် နောက်ဆုံးရက်မှာ စက်တင်ဘာ ၁၈ မှ ၂၂ ရက်အထိ ဖြစ်သည်။

တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တစ်ခုကိုသာ ဝင်ပြိုင်မည့် ပါတီသည် ပါတီဝင် အင်အား ၁၀၀၀၊ မိမိပါတီ ဝင်ပြိုင်မည့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အတွင်းရှိ မြို့နယ် ၅ မြို့နယ်တွင် ပါတီရုံးခန်း ၅ ခန်းဖွင့်ရန်သာ သတ်မှတ်ထားပြီး ပြည်ထောင်စုတစ်ဝန်း ဝင်ပြိုင်မည့် ပါတီများကတော့ ပါတီဝင် အင်အား ၅၀,၀၀၀၊ ရုံးခန်း‌ပေါင်း ၁၁၀ ရုံး၊ မဲဆန္ဒနယ်၏ ထက်ဝက်ကျော် ဝင်ပြိုင်ရမည်ဟု သတ်မှတ်ထားသည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ နိုင်ငံရေးပါတီများတွေ့ဆုံစဉ်

ယခုအခင်းအကျင်းကို ကြည့်ခြင်းအားဖြင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီသာ မဲရရှိရန် ပိုသေချာသွား ကြောင်း ငြိမ်းချမ်းလုပ်ငန်းစဉ်မှာ ပါဝင်လုပ်ဆောင်နေသူ ဦးခွန်းဆိုင်က CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “စိတ်မကောင်းစရာ ဖြစ်ပေမယ့် ဒါဟာ အရှိကို အရှိတိုင်း၊ အဖြစ်ကို အဖြစ်တိုင်း ဖြစ်နေတဲ့အခါကြတော့ ဒါကို ကျနော်တို့ မရှောင်လွှဲနိုင်ဘူးပေါ့။ ခုနက ပြောသလိုပဲ ဒါဟာ USDP ပြည်ခိုင်ဖြိုး ပိုပြီးတော့မှ မဲရဖို့ ပိုပြီး တော့မှ သေချာသွားတာပေါ့။ အခုလုပ်နေတာကလည်း ၂၀၁၀ တုန်းက လုပ်တာနဲ့လည်း နှိုင်းလို့ယှဉ်လို့ ရနိုင်ပါ တယ်။ ၂၀၁၀ တုန်းကဆိုရင် NLD က မပါဝင်တဲ့ အတွက်ကြောင့်မို့လို့ USDP အနေနဲ့ နိုင်ဖို့က လုံးဝ ရာခိုင်နှုန်း သေချာသွားတာပေ့ါ။ အခုလည်း လာမယ့် ဒီဇင်ဘာလ ရွေးကောက်ပွဲမှာလည်း USDP က တရားသဖြင့် ရွေးမယ် ဆိုရင် ရနိုင်တာထက် သူက ပိုပြီးတော့ ရသွားလောက်တယ်ဆိုတာ ဒါက မဆန်းပါဘူး” ဟု ပြောသည်။

လက်ရှိတွင် နိုင်ငံရေးပါတီ ၅၀ ကျော်ကို မှတ်ပုံတင်ခွင့်ပြုထားကြောင်း၊ ပြည်ထောင်စုတစ်ဝန်းလုံးတွင် စည်းရုံး မည့် ပါတီ ၆ ပါတီနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်တစ်ခုအတွင်း၌သာ စည်းရုံးမည့်ပါတီ ၅၂ ပါတီရှိသည်။

ရွေးကောက်ပွဲကော်မရှင်အနေဖြင့် အရည်အချင်းရှိသည့် လွှတ်တော် ကိုယ်စားလှယ်များ လွှတ်တော်ထဲကို ရောက်ရှိနိုင်ရန် သတ်မှတ်ထားသော ဥပဒေနှင့်အညီ ဆောင်ရွက်သွားမည်ဟု CNI သတင်းဌာနသို့ စက်တင်ဘာ ၁၀ ရက်နေ့က ပြောကြားထားသည်။