CNI International News
လန်ဒန်၊ ဩဂုတ် ၁၁
ယူကရိန်းစစ်ပွဲ အဆုံးသတ်ရေးအတွက် ရုရှားသမ္မတ ပူတင် (Vladimir Putin) နှင့် တွေ့ဆုံမည့် အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) ၏ အစီအစဉ်ကို လက်ခံကြိုဆိုကြောင်း ဥရောပခေါင်းဆောင်များက ဩဂုတ် ၉ ရက်တွင် ပြောကြားခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။
သို့သော် ရုရှားကို ဆက်လက် ဖိအားပေးရန်၊ ယူကရိန်းနှင့် ဥရောပလုံခြုံရေး အကျိုးစီးပွားများကို ကာကွယ်ပေးရန် လိုအပ်ကြောင်း ဥရောပခေါင်းဆောင်များက ထရမ့်ကို တိုက်တွန်းခဲ့သည်။
ထရမ့်သည် ဩဂုတ် ၁၅ ရက်တွင် ယူကရိန်းသမ္မတ ဇာလန်းစကီး အပါအဝင် အမေရိကန်နိုင်ငံ အလက်စကာ (Alaska) ပြည်နယ်၌ ပူတင်နှင့် တွေ့ဆုံရန် စီစဉ်ထားပြီး ၃ နှစ်ခွဲခန့် ကြာမြင့်နေပြီဖြစ်သည့် ရုရှား-ယူကရိန်း စစ်ပွဲကို အဆုံးသတ်ရန် ညှိနှိုင်းအဖြေရှာမည်ဖြစ်သည်။
ထရမ့်သည် ပူတင်၊ ဇာလန်းစကီးတို့နှင့်အတူ သုံးပွင့်ဆိုင် အစည်းအဝေး ပြုလုပ်ရန် လမ်းဖွင့်ထားကြောင်း၊ သို့သော် ပူတင်၏ တောင်းဆိုချက်ကြောင့် ထရမ့်သည် ပူတင်၊ ဇာလန်းစကီးတို့နှင့် သီးခြားစီ တွေ့ဆုံသွားမည်ဖြစ်ကြောင်း အိမ်ဖြူတော်က ပြောကြားခဲ့သည်။
ယူကရိန်းသမ္မတ ဇာလန်းစကီးနဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကို တွေ့ရစဉ်
သုံးပွင့်ဆိုင် အစည်းအဝေး ဖြစ်မြောက်ရေး အလားအလာနှင့်ပတ်သက်ပြီး ရိုက်တာသတင်းဌာနက ရုရှားနှင့် ယူကရိန်း အရာရှိများကို မှတ်ချက် တောင်းခံခဲ့သော်လည်း ချက်ချင်း တုံ့ပြန်ဖြေဆိုခဲ့ခြင်း မရှိပေ။
ဖြစ်လာနိုင်ခြေရှိသည့် သဘောတူညီမှု အသေးစိတ်ကို မကြေညာခဲ့သော်လည်း ထိုသဘောတူညီချက်တွင် ရုရှားနှင့် ယူကရိန်းကြား နယ်နိမိတ်ချင်း လဲလှယ်မှုအချို့ ပါဝင်လိမ့်မည်ဟု ထရမ့်က ပြောကြားခဲ့သည်။
ထို့ကြောင့် ယူကရိန်းသည် ၎င်း၏ နယ်နိမိတ်အချို့ကို ရုရှားကို ပေးရဖွယ်ရှိနေပြီး ဇာလန်းစကီးနှင့် ၎င်း၏ ဥရောပ မဟာမိတ်များကမူ ထိုကဲ့သို့ နယ်နိမိတ်များ ပေးလိုက်ရမည်ဆိုပါက ရုရှားကို ရဲဆေးတင်ပေးရာ ရောက်လိမ့်မည် ဟု ပြောကြားခဲ့သည်။
အမေရိကန် ဒုသမ္မတ ဂျေဒီ ဗန့်စ် (JD Vance) သည် ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဒေးဗစ် လမ်မီ (David Lammy) ၊ ယူကရိန်းနှင့် ဥရောပ မဟာမိတ်နိုင်ငံများမှ ကိုယ်စားလှယ်များနှင့် ဩဂုတ် ၉ ရက်က ဗြိတိန်နိုင်ငံ၊ လန်ဒန်မြို့ အရှေ့တောင်ပိုင်းရှိ Chevening House စံအိမ်ကြီးတွင် တွေ့ဆုံခဲ့ကြသည်။
ထိုတွေ့ဆုံမှုတွင် ယူကရိန်းငြိမ်းချမ်းရေး လုပ်ငန်းစဉ်အတွက် ထရမ့်၏ အားထုတ်ကြိုးပမ်းမှုများ အကြောင်းကို ဆွေးနွေးခဲ့ကြသည်ဟု သတင်းတွင် ဖော်ပြထားသည်။
Source: ရိုက်တာ