CNI New
၂၀၂၅ ခုနှစ်၊ ဩဂုတ် ၁၁
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) အစိုးရလက်ထက်က နိုင်ငံတော်သစ္စာဖောက်ဖျက်ပုန်ကန်မှုဖြင့် ဖမ်းဆီးခံခဲ့ရ ပြီးနောက် ရွေးကောက်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်ခွင့်မရှိကြောင်း သတ်မှတ်ခဲ့ခြင်းကြောင့် နိုင်ငံတော်သမ္မတမှ ပယ်ဖျက်ပြီး ခွင့်ပြုမှ မိမိအနေဖြင့် ရွေးကောက်ပွဲဝင်ရောက် ယှဉ်ပြိုင်ခွင့်ရရှိမည်ဟု ရခိုင့်ဦးဆောင်ပါတီ(AFP) ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က CNI သတင်းဌာနသို့ ပြောသည်။
ရခိုင်ပြည်နယ်မြောက်ပိုင်း ရသေ့တောင်မြို့တွင် ၂၀၁၈ ဇန်နဝါရီလအတွင်းက ပြုလုပ်ခဲ့သည့် ရခိုင်ဘုရင့်နိုင်ငံတော် အချုပ်အခြာအာဏာ ကျဆုံးခြင်း ၂၃၃ ကြိမ်မြောက် အထိမ်းအမှတ် အခမ်းအနားတွင် ဒေါက်တာအေးမောင်၏ ဟောပြောချက်များက နိုင်ငံတော်ပုန်ကန်မှုမြောက်သည်ဟုဆိုကာ NLD အစိုးရက ဖမ်းဆီးထောင်းချခဲ့သည်။
ထို့နောက် NLD အစိုးရက ဒေါက်တာအေးမောင်အား နိုင်ငံတော်သစ္စာဖောက်ဖျက်ပုန်ကန်မှု ပုဒ်မ ၁၂၁၊ ၁၇၁၊ ၁၇၂ နှင့် နိုင်ငံတော်အကြည်အငြိုပျက်စေမှု ပုဒ်မ ၅၀၅(က)၊ ၅၀၅(ခ) တို့ဖြင့် တရားစွဲဆိုကာ ထောင်ဒဏ် နှစ် ၂၀ ချမှတ် ခဲ့သလို လွှတ်တော်ကိုယ်စားလှယ် အဖြစ်မှ ပယ်ဖျက်ပြီး နောက်နောင် ရွေးကောက်ပွဲများတွင် ရွေးကောက်တင် မြှောက်ပိုင်ခွင့်မရှိကြောင်း ကြေညာခဲ့သည်။
ဒေါက်တာ အေးမောင်၊ ဒေါ်အောင်ဆန်းစုကြည်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့ကိုတွေ့ရစဉ်
ထို့နောက် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁၂ ရက်တွင် ဒေါက်တာအေးမောင်သည် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်မြောက်လာခဲ့သည်။
ထို့ကြောင့် လက်ရှိ ယာယီသမ္မတအဖြစ် တာဝန်ယူထားသော ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပုဒ်မ ၂၀၄ (က)အရ လွတ်ငြိမ်းပေး၍ ရွေးကောက်ပွဲဝင်ရောက်ခွင့်ပြုမှ မိမိအနေဖြင့် ရွေးကောက်ပွဲမှာ ဝင် ရောက် ယှဉ်ပြိုင်ခွင့်ရမည်ဟု ရခိုင့်ဦးဆောင်ပါတီ(AFP)ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က CNI သတင်းဌာနသို့ ပြော သည်။
ဒေါက်တာအေးမောင်ကို ရွေးကောက်ပွဲ ဝင်ခွင့်မရှိကြောင်း ကြေညာထားစဉ်
၎င်းက “အန်ကယ်တို့ကတော့ ရွေးကောက်ပွဲ ဝင်ရောက်ပိုင်ခွင့်ကတော့ ဥပဒေပြဋ္ဌာန်းချက်အရ မရှိဘူးပေါ့။ ပြစ်မှုကတော့ နိုင်ငံတော်သစ္စာဖောက်ဖျက် ပုန်ကန်မှုနဲ့ ဖွင့်တာကိုဗျ။ ၈၈(က)ကိုလေ အခု အန်ကယ်တို့ ပြောနိုင် တာက အဲဒီဟာလေးကို ပြစ်မှုမြောက်၏မမြောက်၏ပေါ့ဗျာ။ ပြန်စိစစ်ဖို့ လိုအပ်တယ်။ နိုင်ငံတော်ဘက်က လုပ် ပေးနိုင်ကြမယ့် လုပ်ပေးရမယ့်အပိုင်း ရောက်သွားပြီလို့ သုံးသပ်တာပေါ့။ အခြေခံဥပဒေပါ ပေးထားချက် ၂၀၄(က) မှာ မည်သည့် ပြစ်မှုမဆို ပြစ်ဒဏ်ကို လွတ်ငြိမ်းခွင့်ပေးလို့ရတာပေါ့ အဲတော့ နိုင်ငံတော်သမ္မတကြီးဘက်က ဘယ်လို သွားမှာလဲ မပြောတတ်ဘူး။ သူ့ဘက်က ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ လာမယ့် ရွေးကောက်ပွဲမှာ နိုင်ငံ ရေး အင်အားစုတွေဘက်က အမှုသွား အမှုလာပေါ် ပြန်သုံးသပ်ပြီးမှ တကယ်တမ်း ပြစ်မှု ကျူးလွန်ခြင်း ရှိ/မရှိ ပေါ့ဗျာ။ ကျနော့် အမှုမှာ တကယ်လို့များ ၂၀၄(က)နဲ့ ပြစ်ဒဏ် လွတ်ငြိမ်းခွင့် ပေးခဲ့လို့ရှိရင်လေ လာမယ့် ရွေးကောက်ပွဲမှာ ကျနော်တို့ ပါလာနိုင်မယ်လို့တော့ ထင်ပါတယ်။ အဲတာကလည်း နိုင်ငံတော်သမ္မတကြီးနဲ့ပဲ တိုက်ရိုက် သူ့ရဲ့ အနေအထားနဲ့ ဆိုင်သွားပြီလို့ ပြောချင်တာပေါ့”ဟု ပြောသည်။
ဒေါက်တာအေးမောင်သည် ရခိုင့်ဦးဆောင်ပါတီ(AFP)ကို ထူထောင်ပြီး ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလနှင့် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလများတွင် ကျင်းပရန် စီစဉ်ထားသော ရွေးကောက်ပွဲတွင် ရခိုင်ပြည်နယ်မှာ ဝင်ရောက်အရွေးချယ်ခံရန် ကြိုးပမ်းလျက်ရှိသည်။