CNI International News

ဘိုကိုတာ၊ အောက်တိုဘာ ၁၀

ဗင်နီဇွဲလားကမ်းလွန်ရေပြင်တွင် အမေရိကန်စစ်တပ်က အသေးစား သင်္ဘောတစ်စင်းကို တိုက်ခိုက်ခဲ့ရာ၌ ကိုလံဘီယာနိုင်ငံသားများ သေဆုံးသည့် လက္ခဏာများကို တွေ့ရကြောင်း ကိုလံဘီယာသမ္မတ ပက်ထရို (Gustavo Petro) က အောက်တိုဘာ ၈ ရက်မှာ ပြောကြားခဲ့သည်ဟု အေပီမှ ဖော်ပြခဲ့သည်။

“စစ်ပွဲရဲ့ ရှေ့တန်း စစ်မြေပြင်သစ်တစ်ခု ပေါ်ပေါက်လာပါပြီ။ အဲဒီနေရာကတော့ ကာရစ်ဘီယံဒေသပါ။ နောက်ဆုံး တိုက်ခိုက်ခံရတဲ့ သင်္ဘောက ကိုလံဘီယာနိုင်ငံသားတွေ လိုက်ပါလာတဲ့ ကိုလံဘီယာသင်္ဘောဖြစ်တဲ့ လက္ခဏာတွေ တွေ့ရပါတယ်”ဟု ပက်ထရိုက X လူမှုမီဒီယာတွင် ရေးသားခဲ့သည်။

ထိုလက္ခဏာများနှင့်ပတ်သက်ပြီး ပက်ထရိုက ရှင်းလင်း ပြောကြားခဲ့ခြင်းမရှိဘဲ သေဆုံးသူများ၏ ကျန်ရစ်သူ မိသားစုများအနေဖြင့် ရှေ့သို့ထွက်ပြီး ထိုအကြောင်းကို သတင်းပို့ကြရန် ပက်ထရိုက တိုက်တွန်းခဲ့သည်။

အမေရိကန် တိုက်ခိုက်ခဲ့တဲ့ သင်္ဘောကို တွေ့ရစဉ် 

ထိုတိုက်ခိုက်မှု ဖြစ်စဉ်နှင့်ပတ်သက်ပြီး နောက်ထပ် သတင်းအချက်အလက်များကို ပက်ထရို၏ ရုံးနှင့် ကိုလံဘီယာ ကာကွယ်ရေးဝန်ကြီးဌာနတို့က ထုတ်ပြန်ခဲ့ခြင်း မရှိပေ။

အမေရိကန်အစိုးရကလည်း ထိုသင်္ဘောပေါ်တွင် မည်သူမည်ဝါ လိုက်ပါလာသည်ကို ကြေညာခဲ့ခြင်း မရှိဘဲ ယခင် တိုက်ခိုက်ခဲ့သည့် သင်္ဘာများ အကြောင်းကိုလည်း အသေးစိတ် ပြောကြားခဲ့ခြင်း မရှိပေ။

အောက်တိုဘာ ၃ ရက်တွင် အမေရိကန်ကာကွယ်ရေးဝန်ကြီး ပိ ဟက်ဆက် (Pete Hegseth) ၏ ကြေညာချက်၌ အသေးစား သင်္ဘောတစ်စင်းသည် ဗင်နီဇွဲလား ကမ်းလွန်ရေပြင်တွင် မူးယစ်ဆေးဝါးများ သယ်ဆောင်လာသည်ဟု စွပ်စွဲထားသည်။

ထိုသင်္ဘောအား တိုက်ခိုက်မှုတွင် အမျိုးသား ၄ ဦး သေဆုံးကြောင်း ဟက်ဆက်က ပြောကြားခဲ့သည်။

သို့သော်လည်း သေဆုံး သူများသည် မည်သူမည်ဝါ ဖြစ်ကြောင်းနှင့် မည်သည့် အဖွဲ့ဝင်များ ဖြစ်ကြောင်းကိုမူ ကြေညာခဲ့ခြင်း မရှိပေ။

အမေရိကန်ကာကွယ်ရေးဝန်ကြီး ပိ ဟက်ဆက်ကို တွေ့ရစဉ် 

အမေရိကန်စစ်တပ်သည် စက်တင်ဘာ ၂ ရက်ကစပြီး ဗင်နီဇွဲလား ကမ်းလွန်ရေပြင်တွင် သင်္ဘောတစ်စင်းကို စတင် တိုက်ခိုက်ခဲ့သည်။ ထိုတိုက်ခိုက်မှုကြောင့် လူ ၁၁ ဦး သေဆုံးခဲ့သည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) ကမူ ထိုသင်္ဘောသည် ဗင်နီဇွဲလားနိုင်ငံ၏ Tren de Aragua လူဆိုးဂိုဏ်း၏ သင်္ဘောဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် စက်တင်ဘာ ၁၅ ရက်တွင် အမေရိကန်စစ်တပ်သည် ဗင်နီဇွဲလား ကမ်းလွန်တွင် မူးယစ်ဆေးဝါးများ သယ်ဆောင်လာသည်ဟု စွပ်စွဲခဲ့သည့် သင်္ဘောတစ်စင်းကို ထပ်မံ တိုက်ခိုက်ခဲ့သဖြင့် လူ ၃ ဦး သေဆုံးခဲ့သည်။

စက်တင်ဘာ ၁၉ ရက်တွင်လည်း ထရမ့်က အမေရိကန်၏ အကြမ်းဖက်အဖွဲ့ စာရင်းတွင် ပါဝင်သည့် အဖွဲ့နှင့် ဆက်နွှယ်သော သင်္ဘောတစ်စင်းကို ထပ်မံ တိုက်ခိုက်ခဲ့ကြောင်း ကြေညာခဲ့သည်။ ထိုတိုက်ခိုက်မှုတွင် လူ ၃ ဦး သေဆုံးခဲ့သည်။

ထရမ့်ကမူ အမေရိကန်စစ်တပ်သည် မူးယစ်ဆေးဝါး မှောင်ခိုကူး သူများကို တရားမဝင် တိုက်ခိုက်ရေး သမားများ အဖြစ် သတ်မှတ်ပြီး နှိမ်နင်းနေခြင်းဖြစ်ကြောင်း လွှတ်တော်အမတ်များကို ပြောကြားခဲ့သည်။

Source: အေပီ