CNI International News

ဘိုဂိုတာ၊ မေလ ၃၀

ကိုလံဘီယာ၏ နိုင်ငံရေးလူတန်းစားကို ထိုးနှက်ချက် တစ်ရပ်အဖြစ် ယခင်လက်ဝဲ သူပုန်ဟောင်းတစ်ဦးနှင့် လူကြိုက်များသော စီးပွားရေးသမား တစ်ဦးတို့သည် မေလ ၂၉ ရက် သမ္မတရွေးကောက်ပွဲတွင် ထိပ်တန်းနေရာသို့ အသီးသီးရောက်ရှိခဲ့ကြ ကြောင်း အေပီသတင်းအရ သိရသည်။

၎င်းတို့နှစ်ဦးသည် လာမည့်ဇွန်လတွင် တကျော့ပြန် ယှဉ်ပြိုင်ကြရဦးမည် ဖြစ်သည်။ လက်ဝဲယိမ်း အထက်လွှတ်တော်အမတ် ဂက်စတာဗိုပက်ထရိုသည် စုစုပေါင်း မဲရလဒ်၏ ၄၀ ရာခိုင်နှုန်းဖြင့် သမ္မတလောင်း ၆ ဦး ဝင်ရောက် ယှဉ်ပြိုင်ကြသည့် ရွေးကောက်ပွဲ၌ အသာစီးရသွားခဲ့သည်။

တစ်ချိန်တည်းမှာပင် တသီးပုဂ္ဂလအဖြစ် ဝင်ပြိုင်သည့် အိမ်ခြံမြေလုပ်ငန်းရှင် ရိုဒေါ်ဖိုဟာနန်ဒက်ဇ်သည် မဲ ၂၈ ရာခိုင်နှုန်းဖြင့် ဒုတိယနေရာတွင် ရပ်တည်နိုင်ခဲ့ကြောင်း ရွေးကောက်ပွဲကော်မရှင် အာဏာပိုင်များက မေလ ၂၉ ရက် ညနေပိုင်းတွင် ကြေညာခဲ့သည်။

ကိုလံဘီယာနိုင်ငံတွင် မညီမျှမှုနှင့် ငွေကြေးဖောင်းပွမှု တိုးပွားလာခြင်းအပေါ် မကျေမနပ် ဖြစ်နေကြသည့်ကြားမှ ကျင်းပခဲ့သည့် ယခု ရွေးကောက်ပွဲတွင် သမ္မတလောင်း တစ်ဦးအနေဖြင့် အပြီးသတ် အနိုင်ရရှိရန် စုစုပေါင်း မဲများ၏ ၅၀ ရာခိုင်နှုန်း ကျော် ရရှိရန် လိုအပ်သည်။

ကိုလံဘီယာ သမ္မတရွေးကောက်ပွဲ ယှဉ်ပြိုင်နေတဲ့ ဟာနန်ဒက်ဇ်(AP)

လာမည့် ဇွန်လ ၁၉ ရက်တွင် မည်သူ အနိုင်ရသည်ဖြစ်စေ ကွန်ဆာဗေးတစ် (သို့မဟုတ်) သဘောထား ပျော့ပျောင်းသူများ အုပ်ချုပ်မည့် တောင်အမေရိကတိုက်ရှိ ကိုလံဘီယာနိုင်ငံ၏ သမ္မတနိုင်ငံရေးမှာ သိသာထင်ရှားစွာ ပြောင်းလဲလာမည်ကို မြင်တွေ့ကြရတော့မည် ဖြစ်သည်။

မဲဆွယ်စည်းရုံးသည့် ကာလ၌ ပက်ထရို(သူပုန်ဟောင်း)သည် အခွန်ပြုပြင်ပြောင်းလဲရေး အပါအဝင် စီးပွားရေး သိသိသာသာ ပြုပြင်ပြောင်းလဲမည့် အစီအစဉ်နှင့် ကိုလံဘီယာမူးယစ်ဂိုဏ်း၊ အခြား လက်နက်ကိုင် အဖွဲ့များကို ကိုင်တွယ်မည့်ပုံစံ ပြောင်းလဲ သွားစေရမည်ဟု ကတိပြုခဲ့သည်။

တကျော့ပြန် ပြိုင်ဆိုင်မှုအတွက် အံ့အားသင့်စရာ ကောင်းသည်မှာ ဟာနန်ဒက်ဇ်ဖြစ်ပြီး ၎င်းသည် နိုင်ငံရေးပါတီများနှင့် ချိတ်ဆက်မှု အနည်းငယ်သာရှိသလို အစိုးရအသုံးစရိတ် ဖြုန်းတီးမှု လျှော့ချရန်နှင့် အကျင့်ပျက် ခြစားသည့် အစိုးရအရာရှိ များကို သတင်းပေးသူများအား ဆုချီးမြှင့်မည်ဟု မဲဆွယ်ကာလ၌ ကတိပြုခဲ့သည်။

ကိုလံဘီယာ သမ္မတရွေးကောက်ပွဲ မဲထည့်ကြသည့် ပြည်သူများ(AP)

မဲဆွယ်စည်းရုံးမှုများတွင် ပက်ထရို၏ အဓိကပြိုင်ဘက် နောက်တစ်ဦးမှာ မီဒယ်လင် မြို့တော်ဝန်ဟောင်း ဖီဒါရီကို ဂူတက် ရက်ဇ် ဖြစ်ပြီး ၎င်းသည်လည်း ယခုရွေးကောက်ပွဲ၌ လူကြိုက်များခဲ့သလို စီးပွားရေး တိုးတက်မှု ပလက်ဖောင်းကို မောင်းနှင်ရေး ဟောပြောစည်းရုံးခဲ့သည်။

သို့သော် ၎င်းထက် ရွေးကောက်ပွဲကာလ ပိုမိုထိရောက်စွာ လှုပ်ရှားခဲ့သူမှာ ဟာနန်ဒက်ဇ်ဖြစ်သည်။ လက်တင် အမေရိကဒေသတွင် လက်ဝဲနိုင်ငံရေး အောင်ပွဲများ ဆက်တိုက်ဖြစ်ပေါ်နေပြီး စီးပွားရေး အခြေအနေများအပေါ် မကျေနပ်မှုများကြောင့် အပြောင်းအလဲ တစ်ရပ်ကို ပြည်သူလူထုက လိုလားနေကြသည်။

လက်တင်အမေရိက နိုင်ငံများ ဖြစ်ကြသည့် ချီလီ၊ ပီရူးနှင့် ဟွန်ဒူးရပ်စ်တို့တွင် ယမန်နှစ် ၂၀၂၁ ခုနှစ်တွင် လက်ဝဲဝါဒီသမ္မတကို လူထုက ရွေးချယ်ပေးခဲ့ ကြသည်။ အလားတူ ဘရာဇီးနိုင်ငံတွင် ယခုနှစ် သမ္မတရွေးကောက်ပွဲအတွက် သမ္မတဟောင်း လုဇ်အင်နာစီယို လူလာဒါ ဆယ်လ်ဗာ (Luiz Inácio Lula da Silva) က မဲရလဒ်များကို ဦးဆောင်နေသည်။ မက္ကစီကိုနိုင်ငံတွင်လည်း ၂၀၁၈ ခုနှစ်က လက်ဝဲသမ္မတ တစ်ဦးကို ရွေးချယ်တင်မြှောက်ခဲ့ကြသည်။

Source: AP