CNI News

၂၀၂၂ ခုနှစ်၊ သြဂုတ် ၂၅

နစကနှင့် အပစ်ရပ်ထားသည့် မွန်ပြည်သစ်ပါတီ (NMSP)၊ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA)၊ ကရင်အမျိုးသား အစည်းအရုံး/ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော်/ ငြိမ်းချမ်းရေး ကောင်စီ (KNU/KNLA-PC) တို့ ဒုတိယအကြိမ် ငြိမ်းချမ်းရေး ဆွေးနွေးမည်ဖြစ်ကြောင်း သိရသည်။

နစကသည် ပထမအကြိမ်အနေဖြင့် တစ်ဖွဲ့ချင်း တွေ့ဆုံဆွေးနွေးမှုအပြီး ယခုအခါမှာတော့ ၃ ဖွဲ့ တစ်အုပ်စုဖြင့် ဒုတိယအကြိမ် တွေ့ဆုံဆွေးနွေးနေခြင်းဖြစ်ကြောင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST)မှ ပြောခွင့်ရ ပုဂ္ဂိုလ် ဗိုလ်မှူးကြီး စောကျော်ညွန့်က CNI သို့ ပြောသည်။

ဗိုလ်မှူးကြီးစောကျော်ညွန့်က “ကျနော်အဲဒါလည်း သေသေချာချာတော့ confirm မဖြစ်သေးဘူး။ သို့သော်လည်းပဲ ကျနော်တို့ New Mon State Party ရယ်၊ DKBA ရယ်၊ KNU/KNLA/PC ကိုတော့ ကြိုတင်ပြီးတော့ အကြောင်း ကြားစာတော့ ပေးပို့ထားတာ ရှိတယ်။ ဒုတိယအကြိမ်အနေနဲ့ ဒီလိုမျိုး ၃ ဖွဲ့နဲ့ ပြည်လည် တွေ့ဆုံဖို့ဆိုတာ ဒီလို စီမံ ဆောင်ရွက်ထားတာရှိတယ်ဆိုတဲ့ အကြောင်းပေါ့လေ၊ ဒါပေမဲ့ တကယ် သွားရမယ့်နေ့တွေ ဘာတွေ confirm ဖြစ် တဲ့ အခါကြရင် တစ်ပတ်ကြိုတင်ပြီးတော့ အကြောင်းကြားမယ်ဆိုတာကိုတော့ ကြိုတင် အသိပေးထားတာကို တော့ ရှိတယ်” ဟု ပြောသည်။

လက်ရှိတွင် နစကနှင့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)၊ ရခိုင်ပြည် လွတ်မြောက်ရေး ပါတီ (ALP)၊ လားဟူဒီမိုကရက်တစ် အစည်းအရုံး (LDU) တို့ သြဂုတ် ၂၂ ရက်မှ ၂၆ ရက်နေ့အထိ တွေ့ဆုံဆွေးနွေးလျက် ရှိသည်။

PNLO၊ ALP၊ LDU နဲ့ နစက ဥက္ကဋ္ဌ

အဆိုပါ တွေ့ဆုံ ဆွေးနွေးမှုအပြီး နစကသည် NMSP၊ DKBA၊ KNU/KNLA-PC တို့နှင့် တွေ့ဆုံ ဆွေးနွေးမည် ဖြစ်သည်။

နိုင်ငံရေးအကျပ်အတည်းကို ဖြေရှင်းရန် သက်ဆိုင်သူအားလုံး ပါဝင်နိုင်သည့် ငြိမ်းချမ်းရေး အခင်းအကျင်းဖြစ်ရန် လိုအပ်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရတ်တစ်တပ်ဦး (ABSDF) မှ ပြောရေးဆိုခွင့်ရှိသူ ရဲဘော်အေးလွင်က CNI သို့ ပြောသည်။

ရဲဘော်အေးလွင်က “တိုင်းပြည်က ငြိမ်းချမ်းချင်တယ်ဆိုရင်တော့ အခုစစ်တပ်ကနေပြီးတော့ တိုင်းရင်းသားဒေသ အထူး သဖြင့်‌တော့ ကရင်တို့၊ ချင်းတို့၊ ကရင်နီတို့ နောက်တစ်ခုက ကချင်တို့ မြေပြန့်ဒေသဖြစ်တဲ့ စစ်ကိုင်းတို့၊ မကွေးတို့မှာ ထိုးစစ်ဆင်နေတဲ့ဟာတွေ နောက်ပြီး အကြမ်းဖက် မီးရှို့သတ်ဖြတ်နေတဲ့ ဟာတွေကို ရပ်တန်က ရပ် ဖို့လိုတယ်၊ အဲဒါကလည်း ကျနော်တို့ ရှိနေတဲ့ မြန်မာနိုင်ငံသူ၊ နိုင်ငံသားအားလုံး၊ အဖွဲ့အစည်းအားလုံး တောင်းဆို နေတဲ့ အပြင်ကို နိုင်ငံတကာမိသားစု လူထုတွေကလည်း တောင်းဆိုနေတဲ့ အစိတ်အပိုင်းတွေ ရှိပါတယ်။ အဖွဲ့အ စည်း တွေကလည်း အဲဒါကိုတော့ နားထောင်ပြီးတော့ ကျနော်ထင်တယ် ဆောင်ရွက်မယ်ဆိုရင်တော့ ကျနော်တို့ တိုင်းပြည်ရဲ့ ငြိမ်းချမ်းရေးက လမ်းပေါ်ပြန်ရောက်လာမယ်လို့ ကျနော်တို့ အဲဒီလိုပဲ ယုံကြည်ပါတယ်” ဟု ပြောသည်။

PPST အနေဖြင့် ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုကို အခြေခံသည့် ပြည်ထောင်စု တည်ဆောက်ရေးအတွက် လိုအပ်သည့် အားလုံးပါဝင်သော နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှု အခင်းအကျင်း ပေါ်ပေါက်လာနိုင်အောင် ကြိုးပမ်း သွားမည်ဖြစ်ကြောင်း ဗိုလ်မှူးကြီးစောကျော်ညွန့်က ပြောသည်။

SSPP၊ NDAA၊ UWSA နဲ့ နစက ဥက္ကဋ္ဌ

၎င်းက “PPST အနေနဲ့ကတော့ လက်ရှိ အကျပ်အတည်း အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတဲ့ ကျနော်တို့ ပြည်ထောင်စု အတွက်က‌တော့ တစ်ချိန်မဟုတ်တစ်ချိန် နိုင်ငံရေးတွေ့ဆုံ ဆွေးနွေးပွဲကတော့ ရှိကိုရှိလာမယ်လို့ အဲဒီလို ယုံကြည်ချက်ရှိတဲ့အပေါ်မှာ ကျနော်တို့ တစ်ဖွဲ့ပဲ ဖြစ်ဖြစ်၊ ၃ ဖွဲ့ပဲဖြစ်ဖြစ် တွေ့ဆုံမှု အခင်းအကျင်း ကနေပြီး တော့ ဒီပြည်ထောင်စုရဲ့ ငြိမ်းချမ်းရေးကို အာမခံချက်ပေးနိုင်တဲ့ ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုကို အခြေခံ သော ပြည်ထောင်စု တည်ဆောက်ရေးအတွက် လိုအပ်တဲ့ အားလုံးပါဝင်သော နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှု အခင်း အကျင်း ပေါ်ပေါက်လာနိုင်အောင် ကျနော်တို့ ဒီကနေအစပျိုးပြီးတော့ ဘယ်လို လမ်းစဖော်လို့ရမလဲဆိုတာကို တစိုက်စိုက်မတ်မတ် ဆက်လက်ကြိုးပမ်း လုပ်ဆောင်သွားမယ် ဆိုတာကိုတော့ ကျနော့်အနေနဲ့ အဲဒီလိုပဲ PPST ရဲ့ ကြိုးပမ်းဆောင်ရွက်မှုကို ပြောချင်ပါတယ်ခင်ဗျ” ဟု ပြောသည်။

နစကနှင့် ပထမအကြိမ် ငြိမ်းချမ်းရေး ဆွေးနွေးမှုကို တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးသည့် သျှမ်းပြည်ပြန်လည် ထူထောင်ရေး ကောင်စီ (RCSS/SSA)၊ NMSP၊ DKBA၊ ALP၊ KNU/KNLA-PC၊ PNLO၊ LDU တို့မှ ခေါင်းဆောင်များ တက်ရောက် ဆွေးနွေးထားသည်။

အလားတူ NCA မရေးထိုးရသေးသည့် ‘ဝ’ ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA)၊ အမျိုးသား ဒီမိုကရေ စီ မဟာမိတ်တပ်မတော် (NDAA-မိုင်းလားအဖွဲ့)၊ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP/SSA)တို့မှ ခေါင်းဆောင်များ လည်း နစကနှင့် တွေ့ဆုံ ဆွေးနွေးထားကြသည်။